စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ပွဲရပ်လိုက်ရပြီး ချင်းပြည်နယ်အတွင်း စစ်သုံ့ပန်းစခန်းနှင့် မြို့ပေါ်တို့ကိုလည်း စစ်တပ်က ပစ်ခတ်ဗုံးကြဲခဲ့သောကြောင့် သေဆုံး၊ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ချောင်းဦးမြို့ တောကျောင်းလေးရွာရှိ ပဋ္ဌာန်းပွဲကျင်းပနေသည့် ဘုန်းကြီးကျောင်းကို ယနေ့(အောက်တိုဘာလ ၃၀ ရက်) နံနက်အစောပိုင်းတွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှတက်လာ သည့် အသေခံဒရုန်းနှစ်စီးက တိုက်ခိုက်ခဲ့ရာ သက်တော် ၅၆ နှစ်အရွယ် ရဟန်းတစ်ပါး ခြေထောက်တွင် ဗုံးစထိမှန်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်) မှ စတင်၍ ငါးရက်ကြာကျင်းပရန် လျာထားသည့် အဆိုပါ ပဋ္ဌာန်းပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဋ္ဌာန်းပွဲ စတင်ပြီး ၁၁ နာရီခန့်အကြာမှာပင် ရပ်တန့်လိုက်ခဲ့ရသည့်အခြေအနေ ဆိုက်ရောက်သွားသည်။
“ရွတ်နေတုန်းမှာဖြစ်သွားတာ။ (ရွတ်တဲ့ဘုန်းကြီးက) တစ်နာရီတစ်ခါလဲတာဆိုတော့ ၁၂ နာရီမှာ တစ်ခါ လဲပြီးသွားပြီ။ မောင်းထုပြီးတော့ လဲတယ်။ လဲပြီးတော့ ၁၁ မိနစ်လောက်ကြာတော့ ဆူဆိုက်ကျတယ်။ ပဋ္ဌာန်းရွတ်တဲ့ ဓမ္မာရုံနဲ့ ဆူဆိုက် (ဒရုန်း) ကျတဲ့ ကျောင်းနဲ့က ကိုက် ၁၀၀ လောက်ဝေးတယ်။ ရွတ်လက်စ ဘုန်းကြီးကတော့ မရပ်ပါဘူး။ ရွတ်ပါတယ်။ ရဟန်းတစ်ပါး ထိသွားတယ်ဆိုတဲ့ အသံကြားတော့ သူလည်း ရပ်လိုက်တော့ တာပေါ့။ အခုလည်း လိုက်ကာတွေ သိမ်းနေပြီ”ဟု တောကျောင်းလေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မိနစ်ပိုင်းသာခြားပြီး အသေခံဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အနောက်ဘက် သွပ်အမိုးများလန်သွားပြီး ပြတင်းပေါက်၊ တံခါးမှန်များနှင့် ကြွေပြားများလည်း ပျက်စီးသွားကြောင်း သိရသည်။
ပဋ္ဌာန်းပွဲကျင်းပချိန် ဘုန်းကြီးကျောင်းတွင် ကျောင်းနေ သံဃာ လေးပါး၊ ပဋ္ဌာန်းရွတ်ရန်အတွက် အနီးဝန်းကျင် ရပ်ရွာမှ ရောက်ရှိနေသည့် အာဂန္တုသံဃာများ၊ ကိုရင်၊ သာမဏေများနှင့် ဆွမ်းခဲဖွယ် ချက်ပြုတ် စီမံနေကြသည့် ဒေသခံများအပါအဝင် လူ ၆၀ ခန့်ရှိနေချိန် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ချောင်းဦးမြို့မှ ရှစ်မိုင်ခန့်သာကွာဝေးသည့် တောကျောင်းလေးရွာကို ယခင်ကလည်း ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်တပ်၏အကြိမ်ကြိမ်မီးရှို့မှုကြောင့် ရွာ၏ သုံးပုံတစ်ပုံဖြစ်သည့် အိမ်ခြေ ၂၅၀ ခန့် ပြာကျပျက်စီးခဲ့ရသည်။
ကျေးရွာတွင် PDF အခြေစိုက်စခန်းများမရှိသလို စစ်ရေးလှုပ်ရှားသွားလာမှုမရှိဘဲ ဘာသာရေးအခမ်းအနား ဖြစ်သည့် ပဋ္ဌာန်းပွဲကျင်းပနေချိန် ဘုန်းကြီးကျောင်းကို ဦးတည်၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“သက်ကြီးရွယ်အိုကြီးတွေပဲရှိတာ။ ဘယ် ပသုံးလုံးမှလည်း စုရုံးမှုမရှိဘူး။ ဘယ် PDF တွေမှလည်း စုရုံးတာ မရှိဘူး။ လုံးဝ ဘာသာရေးသီးသန့်ပွဲ။ အခုက အင်မတန်ကို ရုပ်ဆိုးပါတယ်”
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် တရားစခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲခဲ့ရာ သက်ကြီးရွယ်အိုများအပါအဝင် ၁၂ ဦးသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်ကြိုးကိုင်သည့်ရွေးကောက်ပွဲအလွန် ယခုနှစ်ဆန်းပိုင်းကစ၍ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည့် စစ်တပ်က နိုင်ငံအနှံ့တွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဈေး၊ ကျေးရွာစသည့် အရပ်သားများစုဝေးနေထိုင်ရာနေရာများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ထို့အပြင် ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့နယ်တွင်လည်း ဖမ်းမိထားသည့် စစ်တပ် စစ်သုံ့ပန်းများ ထားရှိရာ စခန်းများကို အောက်တိုဘာလ ၂၈ ရက်မှစ၍ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီဝန်းကျင်က စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းတစ်ခုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၀ ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင် က အတည်ပြုသည်။
ထို့အပြင် ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်) ညပိုင်းကလည်း ဟားခါးမြို့နယ်အတွင်းရှိ စစ်သုံ့ပန်းများ ထားရှိခဲ့သည့် စခန်းဟောင်းနေရာတစ်ခုကိုလည်း စစ်တပ်က ဗုံးငါးလုံးကြဲ၍ ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရသူမရှိကြောင်း ၎င်းကဆိုသည်။
အထက်ပါလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သုံ့ပန်းများမှာ ဟားခါးတိုက်ပွဲများ၌ ဖမ်းဆီးရမိထားသူများဖြစ်ကြောင်း သိရသည်။
“သတင်းပေးတာကြောင့်ဖြစ်နိုင်ပါတယ်။ ပြီးတော့ အတွင်းသတင်းကိုပေါက်ကြားမှာစိုးလို့ အဲ့ဒီသုံ့ပန်းတွေကို ရှင်းတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ချင်းပြည်မြောက်ပိုင်းကို ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် စစ်တပ်က အင်အားအလုံးရင်းဖြင့် မြေပြင် ဝေဟင် လနှင့်ချီကြာအောင် ထိုးစစ်ဆင်ပြီး ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်မြို့တို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် ချင်းပြည်မြောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက နယ်စပ်မြို့ ရိဒ်ခေါဒါရ်မှအပ ကျန်မြို့ကြီးများကို ပြန်လည်လက်လွှတ်လိုက်ရပြီးဖြစ်သည်။
စစ်တပ်က ပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေပြီး တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။
သို့သော်လည်း ပြည်နယ်တောင်ဘက်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝမြို့တို့ကို တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားရာ ထိုနယ်မြေများကိုပြန်လည်ရရှိရေး စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ချင်းညီနောင်ထိန်းချုပ်ထားရာ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ကို မကွေးတိုင်း ယောဒေသ ဆောနှင့် ကျောက်ထုဘက်မှတဆင့် စစ်ကြောင်းလေးခုဖြင့် ထိုးဖောက်နေသည့်အတွက် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်နေသည်။
ထို့အပြင် စစ်တပ်က မင်းတပ်မြို့ပေါ်ကို အောက်တိုဘာလ ၂၉ ရက်မှစ၍ နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ချောင်းဦးမြို့နယ် ပဋ္ဌာန်းပွဲ လေကြောင်းတိုက်ခိုက်ခံရသည့်အခြေအနေနှင့်ပတ်သက်၍ စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရခဲ့ပါ။
ချင်းပြည်နယ် ဟားခါးမြို့နယ် စစ်သုံ့ပန်းစခန်းများ လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စစ်တပ်ခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်ကို ဆက်သွယ်မေးမြန်းရာ ခရီးတစ်ခုရောက်ရှိနေသဖြင့် သေချာမသိရှိကြောင်း ပြန်လည်တုံ့ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များအရ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၂ ဦးအပါအဝင် ပြည်သူ ၁၈၇ ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၀၀ ကျော်၊ စာသင်ကျောင်း ၁၅ ကျောင်း၊ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၂၂ ခုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သုံးခု ပျက်စီးခဲ့ရသည်။




