ဧရာဝတီတိုင်းတွင် စစ်တပ်ထောက်ခံသူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် နီးစပ်သူများကို လုပ်ကြံသတ်ဖြတ်ရန် ယခုလမှစ၍ ကြိုးပမ်းလာသည်ဟု ဒေသခံနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
ဒလန်ရှင်းလင်းရေးအဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီတပ်က အရပ်သားတချို့ကို လေ့ကျင့်ပေးနေသည်ဟု သိရကြောင်း ရေကြည်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ပျူစောထီးတွေ တစ်နည်းအားဖြင့် စစ်ကောင်စီလိုလားထောက်ခံသူတွေက စစ်သင်တန်းတက်နေတယ်ဆိုတဲ့ သတင်းစကားတွေကြားရတယ်” ဟု ထိုအမျိုးသားက ပြောသည်။
လတ်တလောတွင် ပျူစောထီးဟု အမည်မခံထားသော်လည်း စစ်တပ်ထောက်ခံသူများဖြင့် ဖွဲ့ထားသည့် ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ (Ayeyarwady National Force – ANF) ဆိုသည့်အဖွဲ့က ကန်ကြီးထောင့်မြို့နယ်မှ NLD ပါတီထောက်ခံသူ ဒေသခံ ၇ ဦးကို Telegram မှတဆင့် နာမည်စာရင်း ထုတ်ပြန် ခြိမ်းခြောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာ ၈ တွင် ရေကြည်မြို့နယ်၌ NLD ပါတီဝင် ဦးမျိုးမင်းသန်း ပါဆယ်ဗုံး လက်ခံရရှိစဉ် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းနှင့် မိသားစုကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်၊ ပေါက်ကွဲမှုမှာ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါ်ပေါက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
“ဆိုင်ကယ်နဲ့ လူတစ်ယောက်က သူ့ကို ပါဆယ်ထုပ်တစ်ထုပ် လာပေးတယ်။ အဲ့ဒါကို (ဖွင့်)ကြည့်လိုက်တဲ့ အချိန်မှာ စကွဲတာပေါ့။ ကွဲပြီးတော့ သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဗုံးလည်း အခွဲခံရသေးတယ်၊ အဖမ်းလည်း ခံရသေးတယ်။ မိသားစုပါ အထိန်းသိမ်းခံရတယ်။ တော်တော်ဆိုးဝါးတဲ့လုပ်ရပ်ပါဟု” ဗုံးခွဲခံရသူနှင့် နီးစပ်သည့် NLD ပါတီဝင်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် ANF အဖွဲ့ သို့မဟုတ် ပျူစောထီးများလက်ချက် ဖြစ်နိုင်ကြောင်း ဒေသခံအများစုက ယူဆနေကြသော်လည်း သက်သေပြနိုင်ခြင်း မရှိသေးပေ။
ANF က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တန်ပြန်တိုက်ခိုက်ရန် တပ်မတော်၏ အရန်အင်အားဖြစ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တပ်အားပေး People Media ကို ဖြေဆိုထားသည်။ ၎င်းတို့အနေဖြင့် တစ်မြို့နယ်လျှင် လူအင်အား ၁၀၀ ဝန်းကျင်စီ ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ကန်ကြီးထောင့်မြို့ခံတစ်ဦးကမူ မြို့နယ်အသီးသီးရှိ စစ်ကောင်စီအားပေးသူတို့ဘက်တွင် အင်အား ထိုမျှ မရှိနိုင်ဟု ယူဆသည်။
“(ANF) ထုတ်ပြန်တာကိုတော့ တွေ့လိုက်တယ်။ တခြားလုပ်ကြံသတ်ဖြတ်တာမျိုးတော့ မကြားမိဘူး။ ကျွန်တော်တို့ စကြားတာက (ANF က) ပျူစောထီးတွေ ဖွဲ့တယ်လို့ ကြားတာ။ အမျိုးသားရေးသမားတွေ နည်းနည်း အားကောင်းတယ်ဆိုပေမဲ့ သူတို့ ပြောတဲ့အင်အားလောက်က မဖြစ်နိုင်ပါဘူး” ဟု အဆိုပါ ကန်ကြီးထောင့်မြို့ခံက ပြောသည်။
ကျိုက်လတ်မြို့တွင်လည်း စစ်ကောင်စီလိုလားထောက်ခံသူများက ” ဂုတ္တိပါလ” ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ NLD, NUG, CRPH, PDF ထောက်ပံ့သူစာရင်းဟုဆိုကာ အရပ်သားအမည်များထုတ်ပြန်ပြီး တိုက်ခိုက်သတ်ဖြတ်ရန် လှုံ့ဆော်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဧရာဝတီတိုင်း၌ လုပ်ကြံသတ်ဖြတ်မှုများ ထပ်မံ ပေါ်ပေါက်မလာသေးသော်လည်း PDF နှင့် စစ်တပ်ထောက်ခံသူတို့က သတိပေးလူစာရင်းများ အပြန်အလှန် ထုတ်ပြန်နေကြသည်။
စစ်ကောင်စီဘက်ကမူ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားခြင်းမရှိကြောင်း၊ စစ်သင်တန်းပေးနေခြင်းမရှိကြောင်း ယနေ့ စက်တင်ဘာ ၁၅ တွင် ငြင်းဆိုထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရေကြည်၊ အသုတ်နှင့် ဖျာပုံမြို့တို့တွင် စစ်တပ်သတင်းပေး (ဒလန်) ဟု နာမည်ထွက်နေသူနှစ်ဦး ပစ်သတ်ခံခဲ့ရသည်။ စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်း ပထမဆုံးလုပ်ကြံသတ်ဖြတ်မှု ဖြစ်သည်။
ယင်းညမှာပင် အသုတ်မြို့မှ NLD ပါတီနှင့်ဆက်စပ်သူ ၅ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p