သတင်း

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်တပ်က မီးထပ်ရှို့ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို စစ်ကောင်စီတပ်များက ယနေ့ (စက်တင်ဘာ ၁၃) မနက် ၁၀ နာရီတွင် သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ထပ်မံမီးရှို့ခဲ့ရာ နေအိမ် ၁၄ လုံး မီးလောင်ခဲ့သဖြင့် နှမ်းခါးရွာတွင် မီးလောင်ဆုံးရှုံးသည့် နေအိမ် အလုံး ၅၀ ခန့်ရှိလာသည်။ 

ယနေ့ နံနက်တွင် နှမ်းခါးရွာအတွင်း ၁၂ ဘီးကားတစ်စီး၊ လိုက်ထရပ်ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ မီးတွေရှို့ပြီး သေနတ်တွေပစ်ဖောက်ပြီး ချက်ချင်းပြန်ထွက်သွားတာခင်ဗျ။ မီးရှို့တာက ရည်ရွယ်ချက်ရှိရှိနဲ့ ရှို့တာခင်ဗျ။ မီးတုတ်တွေလည်း တွေ့တယ်။  ဘာမှမလုပ်ဘဲနဲ့ ရှို့တယ်။ သက်သက်မဲ့ကို ဖျက်ဆီးနေတာ။ ကိုယ်တွေကို ကြောက်အောင်လုပ်တာ”ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။ 

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များကို ဒေသခံလူငယ်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေ ၃၁ ကတည်းက ဂန့်ဂေါမြို့နယ်အတွင်းရှိ နှမ်းခါး၊ ရဲလှ၊ ချောင်းခွ၊ တောင်ခရမ်း၊ ရွှေဘို၊ သင်တော၊ အလယ်ရွာ၊ ရွာမ အပါအဝင် ကျေးရွာ ၁၃ ရွာကို စစ်ကောင်စီတပ်ဖွဲ့က တစ်ရွာပြီးတစ်ရွာ ဝင်ရောက် စီးနင်းခဲ့သည်။

ကလေး-ဂန့်ဂေါလမ်းဘေးရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ နှမ်းခါးကျေးရွာကို ဇွန်လအတွင်း တစ်ကြိမ်၊ ဩဂုတ် ၁၈ တွင် တစ်ကြိမ်၊ စက်တင်ဘာ ၁၀ တွင် တစ်ကြိမ် နှင့် ယနေ့နံနက်တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ရကာ စုစုပေါင်း နေအိမ် အလုံး ၅၀ မီးရှို့ ဖျက်ဆီးခံရသည်။ 

စက်တင်ဘာ ၁၀ မနက်တွင် နှမ်းခါးရွာအတွင်း ဖြစ်ပွားသော PDF နှစ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲတွင် PDF ဘက်က သေဆုံးသူမရှိဘဲ စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီးနောက် စစ်သားများက မီးရှို့သဖြင့် နေအိမ် ၃၆ လုံး မီးလောင်ကျွမ်းခဲ့သည်။  

ယခုတစ်ကြိမ်တွင်မူ လက်နက်ခဲယမ်းမရှိတော့သဖြင့် PDF များ ပြန်ခုခံနိုင်ခဲ့ခြင်းမရှိဟု ထိုအမျိုးသားက ဆိုသည်။

“အင်အားချင်းကလည်း မမျှ၊ လက်နက်ခဲယမ်းကလည်း ကိုယ့်ဆီမှာ မရှိတော့ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးဗျ။ NUG က လက်နက်ထောက်ပံ့ပေးနိုင်ရင်တော့ ပိုကောင်းမယ်ဗျ”ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် စစ်ရှောင်နေရသည့် ရွာသားများအနေဖြင့် စားဝတ်နေရေးကျပ်တည်းနေပြီး စစ်ကောင်စီတပ်များကို ရရာနည်းဖြင့် ဆက်လက်ခုခံသွားမည်ဟု သူက ဆိုသည်။ 

လက်နက်ခဲယမ်းစုဆောင်းရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အနေနှင့် ကိုယ်တိုင်ဖြေရှင်းနေရသည့်အတွက် ယနေ့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို တစ်စုံတစ်ရာ ခုခံနိုင်ခဲ့ခြင်းမရှိကြောင်း PDF များနှင့် နီးစပ်သူ ဒေသခံနောက်တစ်ဦးဖြစ်သော ဦးဝင်းက ပြောသည်။

“ကိုယ့်ဘာသာကိုယ် စားတဲ့အထဲကနေ ဖဲ့ရောင်း၊ မြေလေးထဲက ဖဲ့ရောင်း၊ ကိုယ်စားနပ်ရိက္ခာ ဆီလေးထဲက ဖဲ့ရောင်းနဲ့။ အဲဒီလိုတွေစုဆောင်းရတဲ့အနေအထားဆိုတော့ ဘာမှ လိုသလောက်ကလည်း ဝယ်လို့မရဆိုတော့ လက်နက်ခဲယမ်းကလည်း ဝယ်လို့မရဘူး။ လုပ်သေနတ်လေးတွေကလဲ ပြည့်စုံအောင်က လုပ်မရဘူး။ ငွေအင်အား တစ်ယောက်တစ်လှည့် တိုင်ပင်ရင်းနဲ့ ဒီနေ့တော့ ကျွန်တော်တို့က လှပ်ပေးလိုက် (လွှတ်ပေးလိုက်)ရတယ်ခင်ဗျ”ဟု သူက ဆိုသည်။ 

ယမန်နေ့ (စက်တင်ဘာ ၁၂) နံနက်ပိုင်းတွင်လည်း ဂန့်ဂေါမြို့နယ်အတွင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button