
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် ယနေ့ (စက်တင်ဘာ ၁၀) မနက်က နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) ၂ ဖွဲ့က ခုခံတိုက်ခဲ့ပြီး စစ်တပ်က နေအိမ် ၃၆ လုံးကို မီးရှို့ခဲ့သည်။
ယနေ့ မနက် ၈ နာရီတွင် နှမ်းခါးရွာ မြောက်ဘက်၊ လေးဖာလုံခန့်အကွာတွင် စစ်ကားများ ရပ်တန့်ကာ အင်အား ၆၀ ခန့်ဖြင့် နှမ်းခါးရွာဘက်သို့ ခြေလျင်တက်လာသောကြောင့် နှမ်းခါး PDF နှင့် ဂန့်ဂေါ PDF က ခုခံတိုက်ခိုက်ခဲ့သည်ဟု PDF များနှင့် နီးစပ်သူ ဒေသခံ ဦးထွန်းက ပြောသည်။
“လမ်းဘေးဝဲယာတွေကို တောက်လျှောက် ပစ်ခတ်ပြီးတော့မှ (စစ်တပ်က) တက်လာတာပါ။ ခြောက်ပြီးမှ တက်ချလာတာပါ”ဟု သူက ဆိုသည်။
ယမန်နေ့ (စက်တင်ဘာ ၉) တွင် နှမ်းခါးရွာမှ ၅ မိုင်ခန့်အကွာရှိ သာလင်းရွာနှင့် မြင်သားရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ယနေ့မနက်တွင် နှမ်းခါးကျေးရွာဘက်သို့ ရောက်ရှိလာသည်။
နှမ်းခါးရွာဘက်သို့ စစ်သားများ လာရောက်နေသည့် သတင်းများကြောင့် ရွာသို့လာရာလမ်းတလျှောက် (ယမန်နေ့တွင်) ထို PDF ၂ ဖွဲ့က မိုင်းထောင်ပြီး၊ တောင်ကုန်းအမြင့်တစ်နေရာအပေါ်စီးမှ စောင့်ကြိုပစ်ခတ်ကြသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။
ထို့ကြောင့် စစ်သား ၁၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု PDF များကို ကိုးကား၍ ပြောသည်။
ထို့နောက် စစ်တပ်က ပြန်ဆုတ်ခွာသွားပြီးနောက် ယင်းမနက်မှာပင် အင်အား ၁၀၀ ခန့်ဖြင့် နှမ်းခါးရွာသို့ ပြန်ရောက်ရှိလာသည်။
တပ်ကူရှိလာသည့် စစ်တပ်က လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒေသခံ PDF ၂ ဖွဲ့က မနက် ၁၀ နာရီခန့်အထိ ခုခံခဲ့သည်ဟု သိရသည်။
“သူတို့က စတင်းဂန်းဆွဲသလိုမျိုး တောက်လျှောက်ဆွဲနေပြီး လက်နက်ကြီးတွေရော အုံး အုံးဆိုပြီး ထုပါတယ်ခင်ဗျ။ ကျွန်တော်တို့လည်း လုံးဝမနိုင်တော့ နောက်ဆုတ်နေရပါတယ်ခင်ဗျ”ဟု အထက်ပါလူက ဆက်ပြောသည်။
မနက် ၁၀ နာရီခွဲခန့်တွင် စစ်သားများက နှမ်းခါးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ် ၃၆ လုံးကို မီးရှို့ခဲ့သည်ဟု ရွာသားများက ပြောသည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ရွာကြီးတစ်ရွာဖြစ်သော နှမ်းခါးကျေးရွာလမ်းမတစ်လျှောက်ရှိ နေအိမ်များ မီးလောင်နေပြီး မီးခိုးများထွက်ကာ လောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်။
စစ်သားများက ရွာထဲမှ အိမ်များကို မီးရှို့နေစဉ် PDF ၂ ဖွဲ့က ဟန့်တားသည့်အနေဖြင့် ပစ်ခတ်ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာခဲ့ရသည်ဟု အထက်ပါ PDF က ပြောသည်။ ထို့နောက် ရွာထဲရှိ နေအိမ်များကို ရွာလုံးကျွတ် တစ်နေကုန် မီးရှို့ပြီးနောက် ညနေ ၄ နာရီခွဲ တွင် စစ်တပ်က နှမ်းခါးရွာမှ ထွက်ခွာသွားသည်။
၎င်းတို့ ထွက်ခွာသွားမှ PDF များက မီးလောင်နေသည့် နေအိမ်များကို မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်းရောက်သည်အထိ နေအိမ်တချို့မှာ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ PDF ပူးပေါင်း ၂ ဖွဲ့နှင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိကြောင်း နှမ်းခါး PDF ထံမှ သိရသည်။
နှမ်းခါးရွာအတွင်း စစ်တပ်က တတိယအကြိမ် စီးနင်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၁၈ ၊ ညနေ ၄ နာရီတွင် စစ်ထရပ်ကား ၄ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့ကြသေးသည်။
ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးစဉ် ကျန်းမာရေးမကောင်း၍ နေအိမ်တွင် ကျန်နေခဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးကံထောက်ကို စစ်သားများက ရိုက်နှက်ခဲ့ကြသောကြောင့် ရရှိသော ဒဏ်ရာများဖြင့် ၎င်းမှာ သေဆုံးခဲ့သည်။
ထို့ပြင် အိမ်ခြေ ၁,၀၀၀ ဝန်းကျင် လူဦးရေ ၄,၀၀၀ ခန့် ရှိသော နှမ်းခါးရွာရှိ နေအိမ် ၂၀ ကျော်မှ တန်ဖိုးကြီးပစ္စည်းများကို စစ်သားများက ခိုးယူခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။
စစ်သားတို့ ပစ္စည်းများခိုးယူမှု၊ နေအိမ်အများအပြား မီးရှို့မှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူများကို မေးမြန်းပြီး သတင်းတွင် ဖော်ပြလိုသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပါ။
ကလေး-ဂန့်ဂေါကားလမ်းတွင် ဖြတ်သန်းသွားသည့် စစ်ကား အစီး ၄၀ ကျော်ပါ စစ်ယာဉ်တန်း ဩဂုတ် ၁၈ တွင် မိုင်းဆွဲခံရပြီး စစ်သားအများအပြား သေဆုံးခဲ့ရာ ကလေး-ဂန့်ဂေါလမ်းတစ်လျှောက်ရှိ နှင်းခါးကျေးရွာအပါအဝင် ကျေးရွာများအား ယင်းအချိန်မှစ၍ စစ်တပ်က ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။
နှမ်းခါးရွာကို စစ်ကောင်စီတပ်များ မကြာခဏ လာရောက်စီးနင်းခြင်းရှိသဖြင့် ပြီးခဲ့သည့် ၁၅ ရက်ခန့်မှစ၍ PDF များက ဒေသခံများကို ရွာတွင်မနေစေတော့ဘဲ လုံခြုံသည့်နေရာတွင် စစ်ရှောင်စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့ပေးထားသည်ဟု PDF ဦးထွန်းက ပြောပြသည်။
“ကျွန်တော်တို့ဆီကို ပစ်မှတ်ပဲဆိုတာကို တွက်ချက်ပြီးတော့မှ ကျွန်တော်တို့က လုံးဝကို ရှောင်ထားတယ်။ နောက်ပြီးတော့ D Day မတိုင်ခင် ၁၅ ရက်အကွာ စစ်ဘေးရှောင်တဲတွေ အားလုံးဆောက်ပြီးခါမှ ဆန်တွေ ဆီတွေအားလုံး ပို့ပြီးခါမှ လွတ်ရာကျွတ်ရာတွေမှာ ထားတယ်” ဟု ၎င်းက ပြောပြသည်။
မတ်လအတွင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်ခဲ့သောကြောင့် ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်ခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p