သတင်း

မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရပြီး ရဲတစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် ယနေ့ (စက်တင်ဘာ ၉) မနက် ၇ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခံရာ ရဲတစ်ဦးသေဆုံးသည်ဟု တိုက်ခိုက်သည့်အဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

“အနီးကပ်ဆုံးနေတဲ့တစ်ယောက်ကတော့ လွင့်ထွက်သွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာလောက်တော့ ရမှာပါ”ဟု ကိုသံမဏိက ပြောသည်။

“စစ်ကောင်စီရဲ့ လက်ပါးစေအကုန်လုံးကို ကျွန်တော်တို့က အလျဉ်းသင့်ရင်သင့်သလို ဝင်ရောက် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီကောင်တွေနဲ့ ဝေးတဲ့နေရာကနေ ရှောင်ကြဉ်ပေးပါ။ အဓိကကတော့ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှ ဖျက်ဆီးမှာ”

တိုက်ခိုက်ပြီးနောက် လုံခြုံသည့်နေရာများသို့ တိမ်းရှောင်ပြီးဖြစ်ကြောင်း၊ အဆိုပါစစ်ဆေးရေးဂိတ်အနီး ဖြတ်သန်းသွားလာသူ နည်းပါးသဖြင့် ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရသော ရုပ်သံဖိုင်တစ်ခုတွင် ဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၊ ၄ ဦး ရှိနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။  

အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မုံရွာမြို့အတွင်း လိုက်လံစစ်ဆေးနေကြောင်း သိရသည်။  

အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ က ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးက အရေးပေါ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယမန်နေ့ ညကလည်း မုံရွာမြို့ တောင်ဘက်အစွန်ဆုံးရှိ ကြေးမုံ၊ မုံရွေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းပတမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွေးရွာအတွင်း ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်မှ ယနေ့ မနက် ၆ နာရီအထိ တပ်စွဲ၍ ရွာထဲဝင်သမျှ ရွာသားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရွာခံတစ်ဦးထံမှ သိရသည်။

စက်တင်ဘာ ၇ မှ ၈ အထိ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ခုခံတွန်းလှန်တိုက်ပွဲ ၁၁ ခုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၉ ခု ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါခုခံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေ၊ ၁၀ ဦးဒဏ်ရာရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

စစ်ကောင်စီက ၎င်း၏ တပ်သားများသေဆုံးမှု၊ ၎င်းတို့လက်ချက်ကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရမှုတို့ကို သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

NUG သည် အကြမ်းဖက်အဖွဲ့ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တို့တွင် ဖော်ပြလေ့ရှိသလို NUG ကလည်း စစ်ကောင်စီသည် ပြည်သူတို့ကို နေ့စဉ် အကြမ်းဖက်တိုက်ခိုက်နေသည်ဟု တုံ့ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button