သတင်း

NUG တိုက်ပွဲခေါ်ချိန်တွင် PDF အဖွဲ့တချို့ အကူအညီလိုအပ်နေ

အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွန်းလှန်တိုက်ဖျက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ (စက်တင်ဘာ ၇) တွင် အရေးပေါ်ထုတ်ပြန်ကြေညာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောက်ကျားတိုက်ပွဲဝင်နေကြပြီဖြစ်ပြီး တချို့မှာ တိုက်ပွဲအတွက် ပြင်ဆင်ဆဲအဆင့်သာ ရှိနေသေးသည်။  

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်ကောင်စီတပ်နှင့် တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊  မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင် ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ (၇) ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုခံနေရသည့် မြန်မာပြည်အလယ်ပိုင်း မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ပိုမိုများပြားလာနိုင်ပြီး NUG နှင့် ပြည်သူလူထု၏ ကူညီထောက်ပံ့မှု ပိုမိုလိုအပ်လာသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။ 

ဒေသခံပြည်သူတို့ ထောက်ခံကူညီကြသော ထိုအဖွဲ့များသည် နယ်မြေကျွမ်းကျင်မှုရှိသော်လည်း လက်နက်အင်အား နည်းပါးသဖြင့် ချုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှုကို အားပြုနေကြသည်။

ဒေသအနှံ့အပြားရှိ မြို့ကြီးများတွင် ပစ်ခတ်မှု၊ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီ၏ ဖိအားပေးတိုက်ခိုက်ခြင်းခံနေရသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်တို့တွင် စစ်ကောင်စီတပ် ထပ်မံထိုးဖောက်ဝင်ရောက်လာခြင်း မရှိသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်၏ အခြေအနေကို စောင့်ကြည့်နေကြသည်။ 

တိုက်ခိုက်မှုအများဆုံးခံခဲ့ရပြီး ဒေသခံ ၄၀ ထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာများတွင်လည်း တိုက်ပွဲများ မရှိဘဲ ငြိမ်သက်နေသည်။ 

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-1) ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျိမ်းက စစ်ကောင်စီတပ်သားများ ကနီဒေသအတွင်းသို့ ဝင်ရောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းတို့အနေဖြင့်လည်း NUG ၏ ညွှန်ကြားချက်နှင့် စစ်ရေး အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး မဟာမိတ်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောသည်။ 

“လက်နက်ကတော့ လက်လုပ်တူမီးတွေပဲရှိတယ်။ NUG ဘက်ကနေပြီးတော့ လက်နက်ထောက်ပံ့ပေးဖို့ကို မျှော်လင့်ထားပါတယ်။ စားနပ်ရိက္ခာကတော့ ပြည်သူတွေဆီကနေပြီးတော့ ရထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီ ခေါ် ကယားပြည်နယ်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားများ (ဓာတ်ပုံ – KNDF)

မကွေးတိုင်းနှင့် ချင်းပြည်နယ်ကို အဓိကချိတ်ဆက်ထားသည့် ယောဒေသတွင် စက်တင်ဘာ ၆ ညပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုများ ထပ်မံထွက်ပေါ်လာခြင်း မရှိသေးပေ။

NUG က တိုက်ပွဲခေါ်လိုက်ပြီဖြစ်၍ ယောနယ်တဝိုက်ရှိ အာဏာဖီဆန်လိုသော စစ်သားနှင့် ရဲများ လွတ်မြောက်နယ်မြေများသို့ သွားရောက်လိုပါက ပို့ဆောင်ပေးသွားမည်ဟု ယောနယ်ကာကွယ်ရေးတပ်ဖွဲ့ (YDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“D-Day မတိုင်ခင်ကလည်း အာဏာရှင်ကို ဖြိုလာခဲ့တယ်။ စစ်ကောင်စီရဲ့ ထောက်တိုင်တွေလည်း စစ်ကောင်စီနဲ့ ထပ်မံမပူးပေါင်းဖို့အတွက် ပြောချင်ပါတယ်။ ရဲနဲ့ စစ်သားတွေကိုလည်း ကျွန်တော်တို့နဲ့ အချိန်မီ လာပူးပေါင်းကြပါ” ဟု ၎င်းက ပြောသည်။ 

“ပြည်သူတွေအနေနဲ့ကတော့ မလိုအပ်ဘဲနဲ့ အိမ်ပြင်မထွက်ကြဖိုနဲ့ ခရီးသွားလာတာဆိုလည်း မလိုအပ်ဘဲနဲ့ မသွားကြဖို့ပေါ့။ လိုအပ်တဲ့ ဆေးဝါး ရိက္ခာတွေဆိုရင်လည်း တတ်နိုင်သလောက် စုဆောင်းထားကြဖို့။ လိုအပ်ရင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ကို တိုင်ကြားနိုင်ပါတယ်”  

မကွေးတိုင်း ဆောမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့တွင် ဖြစ်ပွားသည့် စက်တင်ဘာ ၆  တိုက်ပွဲကို  YDF- Saw ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၂၀ ကျဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း CDF-Kanpetlet က ထိုနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းမှာ နယ်နိမိတ်ချင်း ဆက်စပ်နေသဖြင့် ထိုသို့ မဟာမိတ်ဖွဲ့ ချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က NUG တိုက်ပွဲခေါ်သည့်နေ့မှာ ၎င်းတို့ မျှော်လင့်နေသည့် နေ့ရက်ပင်ဖြစ်ပြီး ချင်းလက်နက်ကိုင်အားလုံးပါဝင်နိုင်သည့် ချိတ်ဆက်မှုတစ်ခု ရရှိရန် ဆွေးနွေးညှိနှိုင်းနေသည်ဟု  ပြောသည်။ 

“ကျွန်တော်တို့ဘက်ကတော့ အများပြည်သူအရပ်သားတွေ ထိခိုက်မှုအနည်းဆုံးနဲ့ လေကြောင်းရန်ကပဲ လုပ်လုပ်၊ ဘာနဲ့ပဲလုပ်လုပ် ရွာထဲတွေ မြို့ထဲတွေမှာ ပစ်ခတ်မှုအနည်းဆုံးနဲ့ သွားဖို့တော့ အမြဲတမ်း ကျွန်တော်တို့ တိုက်တွန်းကြတာပေါ့။ တခြားနည်းကတော့ ရှောင်လွှဲဖို့ကတော့ နည်းနည်းတော့ ခက်တယ်” ဟု ၎င်းက ပြောသည်။ 

ကရင်နီ ခေါ် ကယားပြည်နယ်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားများ (ဓာတ်ပုံ – KNDF)

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ဧပြီ ၂၄ မှ  ဇွန် ၈ ကြား တိုက်ပွဲ အကြိမ် ၂၀ ကျော် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀၀ ကျော်သေဆုံးသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၉ တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် မင်းတပ်-CDF တို့အကြား ယာယီအပစ်ရပ်ထားရာမှ ဇူလိုင်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၂ သောင်းကျော် ရှိနေပြီး အခက်အခဲဖြစ်နေသည်။  

မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် နွေဦးဇလပ်က ပြည်သူထိခိုက်မှု မရှိရန်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီလက်နက်ကိုင်များ ထပ်မံဝင်လာစေရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောသည်။ 

“ပြည်သူတွေ လုံးဝမထိခိုက်နိုင်တဲ့ မနစ်နာနိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ ကြိုးစားနေကြတာ” ဟု ၎င်းက ပြောသည်။  

မန္တလေးတိုင်းအတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း NUG ၏ အကူအညီများ လိုအပ်နေသည်။ 

မြို့နယ်တစ်ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် တိုက်နေကြောင်း ပြောသည်။ 

“NUG က ထောက်ပံ့ထားတာ ရှိတယ်။ ဒါပေမယ့် လက်လှမ်းမမီတဲ့ အဖွဲ့တွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ အစောကတည်းက ချိတ်ဆက်ပြီး ဆေးဝါးနဲ့ လက်နက်ထောက်ပံ့မှုမျိုးကို ပြည့်ပြည့်ဝဝ မဟုတ်ပေမဲ့ ရထားပါတယ်” ဟု ၎င်းက ပြောသည်။ 

သြဂုတ်လကုန်ပိုင်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ကပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်သားတို့ ဝင်ရောက်ဖျက်ဆီး လုယက်ခဲ့သည့် မြင်ကွင်းတစ်ခု

PDF များက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုရန် ဒေသတချို့တွင် ဖိအားပေးနေသည်။

PDF လှုပ်ရှားမှု များပြားသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် သြဂုတ်လဆန်းမှစ၍ ထွက်စာတင်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅ ဦးခန့် ရှိလာကြောင်း ကာယကံရှင်တစ်ဦးနှင့် ဒေသခံများထံမှ သိရသည်။ 

ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှ ကိုနဂါးက ဇွန်လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပျူစောထီး၊ ဒလန်၊ သတင်းပေးများကို ပြတ်ပြတ်သားသားရှင်းလင်းခဲ့ကြောင်း ပြောသည်။

“သူတို့က ကျွန်တော့မြို့နယ်ကို တန်ပြန်စစ်ကြောင်းတွေနဲ့ နယ်မြေစိုးမိုးရေးလုပ်တယ်၊ တပ်ဖွဲ့ဝင် ၈၀ ကျော်နဲ့။ အဲဒီ ၈၀မှာ ၄၃ ယောက်ကျပြီး ကျန်တာက ဒဏ်ရာရတွေနဲ့ ညဘက်ကြီး ပြန်ထွက်သွားရတယ်” ဟု ၎င်းက ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်ဖြင့် ပုလဲဒေသကို ထပ်မံဝင်ရောက်ပြီး နယ်မြေစိုးမိုးရန် ကြိုးစားခဲ့ရာ  ၅၀ ခန့် ထပ်မံသေဆုံးခဲ့ကြောင်း၊ PDF များ တပ်ဖျောက် တိမ်းရှောင်သွားရာ စစ်ကောင်စီတပ်သားတို့က ကျေးရွာများကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ကျေးလက်ဒေသခံများကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောသည်။ 

“D- Day အတွက် ဟိုအရင်အချိန်ကတည်းက ပြင်ဆင်ထားတာရှိပါတယ်။ ကျွန်တော်တို့မှာ ခေတ်မီလက်နက်တွေ မရှိပေမဲ့ ဒေသတွင်း လက်လုပ်လက်နက်တွေနဲ့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိပါတယ်” ဟု ၎င်းက ပြောလိုက်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button