
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို ယမန်နေ့ (စက်တင်ဘာ ၇) ည ၇ နာရီခန့်တွင် ကရင်နီတပ်မတော် (KA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့အမှတ် (၁၂၀) အမြောက်တပ်ရင်းက လက်နက်ကြီးများပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် Karenni Generation Z Army (KGZA) တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
၎င်းတို့မှာ ည ၉ နာရီခန့်တွင် ပြန်ဆုတ်လာခြင်းဖြစ်ပြီး အခြား PDF အဖွဲ့များလည်း ည ၁၂ နာရီခန့်တွင် ထပ်မံဆုတ်ခွာနိုင်ခဲ့ကာ တိုက်ပွဲများ ငြိမ်သက်သွားကြောင်း၊ ရဲနှင့် စစ်သား အင်အားအများအပြား ဖြည့်တင်းထားသည့် ထိုရဲစခန်းကို သိမ်းယူနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
“အခုတော့ အေးဆေးသွားပြီဗျ။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး။ စစ်တပ်ဘက်က (ထိခိုက် သေဆုံး) တော့ သတင်းအတိအကျမရသေးဘူး။ ညဆိုတော့ ဘာမှမပြောနိုင်ဘူးလေ” ဟု ၎င်းက ဆိုသည်။
“D Day ခေါ်ပြီဗျာ။ အာဏာရှင်ပြုတ်ဖို့ သူတို့ကို CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ခေါ်တာ လာမှ မလာတာ။ အဲဒီတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာတစ်ခုပဲ ရှိတယ်။ သူတို့ကို သေအောင်တိုက်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်သွားဖို့ပေါ့”
KA, KNDF, KGZ,PDF ပူးပေါင်းတပ်ဖွဲ့က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေကြောင်း KA ၏ နိုင်ငံရေးအဖွဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းထုတ်ပြန်ရေး KNIC က ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲအသေးစိတ်အတွက် KNDF ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
KNDF တွင် ကယား(ကရင်နီ)ပြည်နယ်မှ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နှင့် နန်းမယ်ခုံမြို့ အခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၃ ဖွဲ့၊ ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်များမှ PDF ၂ ဖွဲ့ နှင့် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် မေ ၃၁ ၌ ဖွဲ့စည်းပြီးနောက် လက်ရှိတွင် ကရင်နီပြည်နယ် PDF တပ်ဖွဲ့အများစု ပူးပေါင်းပါဝင်နေသည်။
ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က ဒေါပိုးစီကျေးရွာနှင့် ညနေ ၅ နာရီ၌ စံပြ ၆ မိုင် ကျေးရွာအနီး KNDF နှင့် KA ပူးပေါင်းအဖွဲ့တို့ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စံပြ ၆ မိုင်ကျေးရွာ၌ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကယားပြည်နယ်အခြေစိုက် Kantarawaddy Times သတင်းဌာနတွင် ယမန်နေ့က သတင်းဖော်ပြထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe