
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ရန် ယနေ့ စတင်ကြေညာလိုက်ပြီဖြစ်သော်လည်း လက်နက်အင်အား၊ လူအင်အား အဆမတန်သာလွန်သော စစ်တပ်ကို မည်သို့တိုက်ခိုက်မည်ဆိုသည်မှာ ရှင်းလင်းမှု မရှိသေးပေ။
NUG သတင်းရင်းမြစ်များအဆိုအရ ပြည်သူ့ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်ရန် စစ်သင်တန်းလေ့ကျင့်သင်ကြားပြီးနောက် မြို့ပေါ်ပြန်ရောက်သွားသူ အင်အားထောင်သောင်းချီရှိသည်ဟု သိရှိရပြီး၊ ယနေ့နံနက်ပိုင်းရရှိသောသတင်းများအရ တနင်္သာရီတိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်။
ပြည်သူ့တော်လှန်ရေး စတင်ပြီဆိုသော ယနေ့တွင် ပစ်ခတ်မှု၊ ပေါက်ကွဲဖြစ်ပွားနေသော အခြားဒေသအချို့ရှိနေသည်ဟု ဆိုသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။
စစ်ပွဲအခြေအနေ မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရန် စောနေသေးသော်လည်း လူထုထောက်ခံသည့်ဘက် အနိုင်ရမည်ဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ဆိုသည်။
“စစ်ဖြစ်တဲ့နေရာမှာ လက်နက်အင်အားနဲ့ People Power (ပြည်သူ့ထောက်ခံမှုခွန်အား) ယှဉ်ပြိုင်ကြရင် များသောအားဖြင့် ပြည်သူ့ထောက်ခံမှုခွန်အားက ပိုပြီးတော့ အရေးကြီးတယ်” ဟု အမေရိကန်စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာလူမျိုး ဒေါ်မီမီဝင်းဘတ်က ယနေ့ (စက်တင်ဘာ ၇) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
မြန်မာစစ်တပ်မှာ လက်နက်အင်အားသာလွန်သော်လည်း NUG ၏ တိုက်ပွဲခေါ်သံ မစတင်မီကတည်းက နိုင်ငံအနှံ့ ကာလရှည်ကြာ လိုက်လံဖိနှိပ်နေ၍ စစ်ပန်းနေခြင်း၊ နိုင်ငံတကာ၏ ထောက်ခံမှုမရှိခြင်း၊ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) အင်အားများလာခြင်း၊ လူငယ်ထုက မထောက်ခံ၍ လူသစ်စုဆောင်းရခက်ခြင်း၊ ပြည်သူ့ထောက်ခံမှုမရှိခြင်း စသည့် အခက်အခဲများကို အကြီးအကျယ်ရင်ဆိုင်နေရသည်ဟု ၎င်းက သုံးသပ်သည်။
“(စစ်တပ်) ခေါင်းဆောင်တွေရဲ့ ကျင့်ဝတ်စာရိတ္တအပေါ်မှာလည်း ပြည်သူတွေက မေးစရာတွေ အများကြီးရှိတယ်။ အဲဒါ အရေးကြီးတယ်။ သူတို့ဘာပြောပြောမယုံတဲ့ အခြေအနေဆိုတော့ သူတို့အတွက် တော်တော်ခက်ခဲပါတယ်” ဟု အမေရိကန်စစ်တပ်မှ အငြိမ်းစားအရာရှိဖြစ်သူ ဒေါ်မီမီဝင်းဘတ်က ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်တွင်းအခြေအနေမှာ ဘက်ပေါင်းစုံမှ တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသော တပ်မတော်သားများစွာရှိနေသည့်အတွက် အမှန်တကယ်တိုက်ပွဲဖြစ်လာချိန်တွင် ပြည်သူ့ဘက်ကို ကူးပြောင်းလာသူများလာနိုင်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

“စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီလိုအခြေအနေမှာ အာဏာရှင်ကို တွန်းလှန်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းဖို့ လိုအပ်ပါတယ်။ တကယ်လို့ မကူးပြောင်းဘူးဆိုရင်တော့ သူတို့အတွက် ကံဆိုးမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အမှားကဘာလဲ၊ အမှန်ကဘာလဲ ပေါ်နေခဲ့တာလည်း ကြာပါပြီ။ ပြည်သူ့ဘက်ကို ရတဲ့နည်းနဲ့ ကူးပြောင်းပါ” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် NUG အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို ဆောင်ရွက်နေသည်ဟု ထင်မြင်ကြောင်း၊ စစ်အာဏာရှင်ကို နှစ်ပေါင်း ၆၀ ကျော်တိုက်ခိုက်လာသည်ဖြစ်ရာ ခုခံတိုက်ပွဲများ လုပ်ဆောင်ရမည်ဟု ပြောသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားမယ်ဆိုရင်တော့ မင်းအောင်လှိုင်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုက ကိုယ့်တာဝန်ကို လုပ်ရမယ်။ ဒုတိယအချက်ကတော့ ကိုယ့်ရဲ့လုံခြုံမှုကို အထူးသတိထားရမယ်။ တော်လှန်ရေးက အားလုံးမှာ တာဝန်ရှိတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် KIA ကြား မည်သို့သော ဆွေးနွေးတိုင်ပင်မှုများရှိသည်ကိုမူ ပြော၍ မရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြည်သူ့တော်လှန်ရေးနေ့ စတင်လိုက်ပြီဖြစ်သည့်အတွက် NUG နှင့် မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းပြင်ဆင်မှုဖြင့် စစ်ရေးအရတိုက်ခိုက်မှုများ စတင်မည့်နေ့ဟု နားလည်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒန်နီရယ်က ပြောသည်။
“အခုလို တရားဝင်ကြေညာလိုက်တာက အာဏာရှင်ကို တွန်းလှန်တဲ့သူတွေ တော်လှန်တဲ့သူတွေအားလုံး တကယ်ပါဝင်လာဖို့တော့ လိုတယ်။ အစိုးရဝန်ထမ်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက အစပေါ့။ NUG က ထုတ်ပြန်သလို အားလုံးပါဝင်မှသာ ဒီပွဲကပြီးမယ်လို့ ကျွန်တော်မြင်တယ်” ဟု ၎င်းက ပြောသည်။
စိတ်ဓာတ်ခွန်အားကို အရင်းတည်ထားသည့် ပြည်သူများအနေဖြင့် တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက် လုံခြုံမှုအားနည်းချက်များရှိနေပြီး အချိန်မီပြုပြင်ရန် လိုအပ်ကြောင်း ဒေါ်မီမီဝင်းဘတ်က ထောက်ပြသည်။
“သတင်းလုံခြုံရေးက (စီးပွားရေး) ကုမ္ပဏီတွေတောင်မှ ပစ္စည်းသစ်မထုတ်ခင် ဒါကို သတိထားရတယ်။ ဆိုတော့ စစ်ရေးနဲ့ ပတ်သက်ရင် ဒီကိစ္စက ပိုတောင်မှ အရေးကြီးသေးတယ်။ အမြဲတမ်း ဆင်ခြင်သင့်ပါတယ်။ ကိုယ်လုပ်မယ့်ကိစ္စကို တစ်ဖက်က မသိတာ ပိုကောင်းတာပေါ့။ တစ်ဖက်က သိရင် အဆင်သင့်ပြင်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် “ခွန်အားများတဲ့လူနဲ့ ခွန်အားနည်းတဲ့သူ တိုက်တဲ့အခါမှာ ကိုယ့်အကြောင်းကို ရန်သူမသိရင် အလစ်အငိုက်တိုက်လို့ရတယ်။ အခုအချိန်မှာ ကိုယ့်ရဲ့ သတင်းတွေကို (လူမှုကွန်ရက်တွေကတစ်ဆင့်) မတော်တဆပေးလိုက်တဲ့ အခါကျတော့ အလစ်အငိုက်ဖမ်းနိုင်တဲ့ ကိစ္စလျော့သွားတာပေါ့။ ဒါက စစ်တိုက်တဲ့အခါမှာ အရေးကြီးတဲ့ကိစ္စတစ်ခုပါ” ဟုလည်း အငြိမ်းစားအမေရိကန်စစ်တပ်အရာရှိကြီး ဒေါ်မီမီဝင်းဘတ်က ပြောသည်။
စစ်ကောင်စီကို တော်လှန်ရန် ပြည်သူများ၏ မျှော်မှန်းချက်သည် အလွန်ကြီးမားကြောင်း၊ ထိုသို့ကြီးမားသောကြောင့် ပြည်သူများက NUG အား ငွေကြေးအမြောက်အမြားထည့်ဝင်ခဲ့ကြကြောင်း၊ ထို့ကြောင့် NUG အနေဖြင့် အစပိုင်းတွင် သေသေချာချာစနစ်တကျ ပြုလုပ်ရန်လိုမည်ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
“အစပိုင်းမှာ ခိုင်ခိုင်မာမာမဟုတ်ရင် ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက် လျော့ပါးသွားလိမ့်မယ်။ ဒါဆိုရင် သူတို့ရဲ့ ကူညီမှုတွေဟာလည်း ဆက်လက်ပြီးမျှော်လင့်လို့မရတဲ့ အခြေအနေဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe