ရန်ကုန် – “အမျိုးသားရေး” စာရေးဆရာဖြစ်သော မောင်သွေးချွန် ခေါ် ဦးမြင့်စိုးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အရေးယူပေးရန် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ရှိ ဒေသခံအာဏာပိုင်တစ်ဦးက မြို့နယ်တရားရုံးတွင် မေ ၂၁ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ရာ၊ တရားသူကြီးက အမှုကိုလက်ခံပြီး ၎င်းအားဖမ်းဆီးရန် မြို့နယ်ရဲတပ်ဖွဲ့ထံ ဖမ်းဝရမ်းထုတ်ပေးထားကြောင်း သိရှိရသည်။
ယခုနှစ် မတ်လ ၂၅ ရက်နေ့က မင်းကင်းမြို့နယ်တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတစ်ခုတွင် မောင်သွေးချွန်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှစ်ရပ်လုံး၏ ဥက္ကဋ္ဌနှစ်ဦးလုံးသည် ခရစ်ယာန်များဖြစ်လာကြောင်း၊ ဗုဒ္ဓဘာသာသည် မှေးမှိန်ခံနေရသည့် သဘောသက်ရောက်သည့် စကားများ ဟောပြောခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောဆိုသည်။
ထိုဟောပြောချက်နှင့်စပ်လျဉ်း၍ မင်းကင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလိုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်လို့ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးဖို့ လုပ်နေတာ မှန်ပါတယ်။ ရောက်ရာအရပ်ဒေသမှာ မြန်မာနိုင်ငံတွင်းမှာ ဘယ်နေရာမှာမဆို ပါးစပ်စည်းကမ်းမရှိ လျှောက်ပြီးတော့ ပြောချင်တိုင်းပြော၊ သူတစ်ပါးကို ပုတ်ခတ်ချင်တိုင်း ပုတ်ခတ်ပိုင်ခွင့် ဘယ်သူ့မှာမှ မရှိဘူး” ဟု ဦးကျော်ဆန်းက Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောဆိုသည်။
မေ ၂၃ ရက်နေ့တွင် မောင်သွေးချွန်ကို ဆက်သွယ် မေးမြန်းရာ ၎င်းအား တရားစွဲဆိုထားခြင်းကို မသိရှိကြောင်း၊ ဆက်သွယ်လာပါက အမှုကို ရင်ဆိုင်သွားမည်ဖြစ်ပြီး ၎င်း၏ မင်းကင်းမြို့နယ်တွင် ပြောဆိုချက်များသည် နိုင်ငံတော်တွင် တစ်ဖက်စောင်းနင်းဖြစ်နေ၍ ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
အင်တာနက်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်တွင် “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးဟာ ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ …ဒုသမ္မတ တစ်ယောက်ကလည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်ကုလားတွေ ဝိုင်းထားတယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင် လုပ်တော့မယ်” ဟု ၎င်းက ဟောပြောခဲ့သည်။
အထက်ပါစကားရပ်များသည် နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်ခြင်း မဟုတ်ဘဲ၊ နိုင်ငံတော်ကို ကြည်ညိုစေချင်သောကြောင့်သာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မောင်သွေးချွန်က Myanmar Now ကို ပြောကြားသည်။
“တစ်ဖက်စောင်းနင်း ဖြစ်နေလို့ပြောတာ။ လွှတ်တော်ဆိုတာက တိုင်းပြည်ရဲ့ အထွတ်အထိပ်ပဲ ဖြစ်တယ်။ ဥက္ကဋ္ဌနှစ်ယောက်မှာ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင် Fair (မျှတ) ဖြစ်တာပေါ့။ ခုက နှစ်ယောက်လုံးက ခရစ်ယာန်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မောင်သွေးချွန်သည် နိုင်ငံတော်အစိုးရက တရားမဝင်အသင်းအဖြစ်ကြေညာပြီး ဖျက်သိမ်းလိုက်သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့တွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ မဘသက ထုတ်ဝေသော မဂ္ဂဇင်းဂျာနယ်များတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။
မဘသ ဖျက်သိမ်းပြီးနောက်တွင် ၎င်းပါတီဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းတည်ထောင်သည့် မျိုးချစ်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ရာ ရွေးကောက်ပွဲကော်မရှင်က လက်မခံဘဲ ပယ်ချခဲ့သည်။