
ရန်ကုန်မြို့ရှိ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ယနေ့ (စက်တင်ဘာ ၅) အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၃၀ ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်နေပြီး ၁၉၀၀ ကျပ်ပေးမည်ဟု ဈေးခေါ်ယူမှုများပင် ရှိနေကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောသည်။
နိုင်ငံတွင်း၌ စစ်ရေးအခြေအနေ တင်းမာလာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ရွှေနှင့် ဒေါ်လာ ဝယ်ယူစုဆောင်းသူ များလာပြီးနောက် ယခုကဲ့သို့ အမေရိကန်ဒေါ်လာဈေး တစ်ရှိန်ထိုးမြင့်တက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျပ်ငွေကို ဘယ်သူမှ လက်ထဲမထားချင်တော့ ဒေါ်လာနဲ့ရွှေကို ဝယ်နေကြတာ” ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြင်ပမှောင်ခိုဈေးကွက်တွင် အနည်းဆုံး ဒေါ်လာသောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဝယ်လိုအားရှိနေပြီး ရောင်းချသူ အနည်းငယ်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံအနှံ တိုက်ပွဲများဖြစ်လာနိုင်သည်ဟူသော ယူဆချက်ကြောင့် ကျပ်ငွေအစား ရွှေနှင့် ဒေါ်လာ ဝယ်ယူ စုဆောင်းနေကြခြင်းဖြစ်နိုင်သည်ဟုလည်း အဆိုပါ ငွေလဲကောင်တာလုပ်ငန်းရှင်က သုံးသပ်သည်။
ပြီးခဲ့သည့် သောကြာနေ့ဖြစ်သည့် စက်တင်ဘာ ၃ တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ရည်ညွှန်းဈေး တစ်ဒေါ်လာကို ၁၇၀၈ ကျပ် ဈေးဖွင့်ခဲ့သော်လည်း ရန်ကုန်ရှိ ငွေလဲကောင်တာများ၌ ယနေ့ တွင် တစ်ဒေါ်လာကို ၁၇၂၂ ကျပ် ဈေးဖွင့်ထားသည်။
ထိုနှုန်းထားသည် ပြင်ပပေါက်ဈေးနှင့် အဆမတန်ကွာ၍ အရောင်းအဝယ်မလုပ်နိုင်တော့ဘဲ လုပ်ငန်း ရပ်ဆိုင်းထားရသည်ဟု ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။
အခြားငွေလဲလုပ်ငန်းရှင်တစ်ဦးကလည်း ၎င်းတို့အနေဖြင့် ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ဈေးဖွင့်လှစ်ထားသော်လည်း အဆိုပါနှုန်းဖြင့် လက်တွေ့ မရောင်းချနိုင်ကြောင်း ပြောသည်။
လက်ရှိတွင် ဒေါ်လာဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားဖြစ်နေပြီး လက်တွေ့အရောင်းအဝယ်မဖြစ်သော်လည်း တစ်ဒေါ်လာ ၁၉၀၀ ကျပ်ဈေးခေါ်နေသူများလည်း ရှိသည်ဟု ဆိုသည်။
ဒေါ်လာဈေးနည်းတူ ရွှေဈေးလည်း မြင့်တက်လာပြီး စက်တင်ဘာ ၄ တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၇ သိန်း ရှစ်သောင်းပေါက်ဈေးရှိပြီး လေးရက်အတွင်း ကျပ်ရှစ်သောင်းကျော် မြင့်တက်လာခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။
စစ်ကောင်စီ၏ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းစေရန် စစ်အာဏာသိမ်းပြီး ၇ လတာအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဈေးကွက်ထဲ ရောက်ရှိခြင်း ရှိမရှိ မသိရပေ။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့ ပိုလျှံနေသည့် ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်း ဘဏ် များတွင်ပြန်လည်ရောင်းချရန် စစ်ကောင်စီက စက်တင်ဘာ ၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
အာဏာ မသိမ်းမီ အရပ်သားအစိုးရလက်ထက်ဖြစ်သည့် ဇန်နဝါရီ ၂၉ တွင် အမေရိကန်တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာ ပေါက်ဈေးရှိခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe