
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးတင်မောင်ဝင်း ယနေ့ (စက်တင်ဘာ၂) မနက် ၈ နာရီခန့်က ပစ်သတ်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သဖြင့် တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းပေါ်တွင် ဦးတင်မောင်ဝင်းသည် ဆိုင်ကယ်ဖြင့် သွားနေစဉ် ပစ်ခတ်ခံရပြီး ဦးခေါင်းကို နှစ်ချက်၊ ရင်ဘတ်ကို တစ်ချက် ကျည်ထိသွားရာ ပွဲချင်းပြီး သေဆုံးသည်ဟု အခင်းဖြစ်နေရာတွင် ရှိခဲ့သည့် အထက်ပါမျက်မြင်တွေ့ရှိသူက ဆိုသည်။
နာရီဝက်ခန့်အကြာတွင် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် ရောက်ရှိလာချိန် ဗုံးနှစ်လုံးပေါက်ကွဲခဲ့၍ အရာရှိတစ်ဦးနှင့် တပ်သားနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဦးတင်မောင်ဝင်းကို ပုညပါရမီလူမှုကူညီရေးအသင်းကားဖြင့် သယ်ဆောင်သွားသည်ကို မြင်တွေ့လိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“(ဦးတင်မောင်ဝင်းက) ဆိုင်ကယ်ပေါ်မှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ကားသုံးစီးလောက် စစ်ကားတွေရော၊ ရဲကားတွေရော ရောက်လာတယ်။ တဖြည်းဖြည်းနဲ့ ရောက်လာတာ” ဟု သူက ဆိုသည်။
“ဗုံးကွဲပြီးတဲ့နောက်ပိုင်းတော့ အင်အား ၆၀၊ ၇၀ ဝန်းကျင် ရောက်လာတယ်။ ခန့်မှန်းပေါ့။ ဒါတောင် အများကြီးပဲ။ ၈ နာရီမှာ သေနတ်သံကြားလိုက်ရတယ်။ ဗုံးကွဲပြီးတဲ့အချိန်က ၈ ခွဲဝန်းကျင် ၉ နာရီ မထိုးခင်”
ထို့နောက် စစ်သားအင်အားအများအပြားဖြင့် ရှာဖွေကြရာ မပေါက်ကွဲသေးသော ဗုံးနောက်တစ်လုံးကို တွေ့ရှိခဲ့သည်ဟု ၎င်းထံမှ သိရသည်။
အမှတ် ၂၀ ရပ်ကွက်၊ အပိုင် ၆၊ မင်းရဲကျော်စွာ (၇) လမ်းနေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဖြစ်သူ ဦးတင်မောင်ဝင်းသည် လှိုင်သာယာစက်မှုဇုန်များမီးရှို့ခံရမှုနှင့် ပတ်သက်ပြီး ရပ်ကွက်နေ လူငယ် ၂၀ ကျော်ကို အပြစ်ပုံချခဲ့သူဖြစ်သည်ဟု လှိုင်သာယာမြို့နယ်၊ ဒလန်ရှင်းလင်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ပြောသည်။
“စက်ရုံမီးရှို့လို့ဆိုပြီး တိုင်လို့ လူငယ် ၁၀ ယောက် အနှစ် ၂၀ ထောင်ကျနေတယ်။ အဲဒီသက်ရောက်မှုကြောင့် လူငယ် ၁၀ ယောက်ကျော်ကျော် ရပ်ကွက်ထဲ အခုထိ ပြန်ဝင်လို့မရဘူး၊ ရှောင်နေရတယ်။ ဒါကြောင့် ရှင်းလိုက်တာ။ သေနတ်နဲ့ လေးချက် ပစ်ခဲ့တယ်။ ခွေးတွေအတွက် (ဗုံး) သုံးလုံး မှန်းထားပေမယ့် နှစ်လုံးပဲ ပေါက်တယ်” ဟု အဆိုပါအဖွဲ့ဝင်က ပြောသည်။
ပေါက်ကွဲမှုအပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဟု သူက ဆက်ပြောသည်။
ထို့အပြင် အဆိုပါအဖွဲ့က လှိုင်သာယာမြို့နယ်နေ ပြည်သူများအား အကြမ်းဖက်နှိပ်စက်ရာတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်း၊ သတင်းပေးခြင်းတို့အတွက် တာဝန်ရှိသည်ဟုဆိုသော ဒလန်လူမိုက် ဝင်းနိုင်နှင့် အပေါင်းအပါများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်ကောင်စီသတင်းပေးသူ ကွမ်းယာဆိုင်သမားများ၊ ဆိုင်ကယ်ကယ်ရီ၊ သုံးဘီးသမားများကိုလည်း ၎င်းတို့အဖွဲ့အစည်းထဲ၌ပင် ဒလန်ရှင်းလင်းရေးအဖွဲ့သို့ အတွင်းသတင်းပေးသူများရှိနေသဖြင့် သတိထားနေကြရန် စာထုတ်ပြန်ထားသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်အောင်ထွန်းနှင့် ရာအိမ်မှူး ဦးသက်အောင် နှင့် ဦးတင်အောင် ၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် ဘိုစောထူး၊ မြိုင်ဝေ၊ ကျော်ကြီး၊ ၁၂ ရပ်ကွက်မှ ပေါက်စတို့ကို ထပ်မံ ရှင်းလင်းမည်ဟု ၎င်းတို့က ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe