သတင်း

လောင်းလုံးတွင် ကိုဗစ်စေတနာ့ဝန်ထမ်းအမျိုးသမီး လေးဦးဖမ်းခံရ၊ ၁၄ နှစ် တစ်ဦးပါဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ပြဲရွာ၌ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (ဩဂုတ် ၂၉) နံနက် ၉ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပါဝင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက အတည်ပြုသည်။

အာဏာသိမ်းမှုဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ဆင်နွှဲပြီး များမကြာမီတွင် အရပ်ဝတ်ဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပေါ်တွင်ရှိနေသည့် အမျိုးသမီးများထဲမှ အသက် ၃၀ အရွယ် နှစ်ဦး၊ ၂၀ ဝန်းကျင်တစ်ဦးနှင့်အတူ ၁၄ နှစ်အရွယ် မိန်းကလေးကို လောင်းလုံးမြို့သို့ ခေါ်သွားသည်ဟု ဒေသခံ အမျိုးသားက ပြောသည်။ 

“ဆိုင်ကယ်သပိတ်ထွက်ပြီးသွားပြီ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းသွားတာ။ သပိတ်မှာလည်း မပါကြဘူး။ သူတို့တွေက ကိုဗစ်နဲ့ပတ်သက်ပြီး ဝိုင်းကူညီပေးနေကြတာ။ လမ်းပေါ်မှာ တွေ့တာကို ဖမ်းသွားတာ ” ဟု ထိုသူက ဆိုသည်။

အထက်ပါ အမျိုးသမီးလေးဦးစလုံးမှာ ကျေးရွာအတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းနေသူများသာဖြစ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခြင်း မရှိဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့(ဩဂုတ်၂၉)တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် စစ်ပြဲရွာ၌ ကိုဗစ်အတည်ပြုလူနာ ၅၅ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း အထက်ပါ ဒေသခံထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အတူ အမျိုးသမီးလေးဦးကို ဖမ်းဆီးသွားသည့် ကိစ္စအပေါ် မိသားစုနှင့် စစ်ကောင်စီဘက်မှ မှတ်ချက်တောင်းခံ၍ မရသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် နိုင်ငံအနှံ့ မြို့များတွင် လောင်းလုံးမြို့လည်း ပါဝင်ပြီး ဆန္ဒပြသူတို့ကို မမိ၍ စစ်ကောင်စီတပ်က ဓားစာခံဖမ်းဆီးမှုများပင် ပေါ်ပေါက်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button