စစ်တပ်က အာဏာမသိမ်းမီအထိ လှပသည့် ဝတ်စုံများကို ကတ်ကြေးကိုင်ကာ ဖန်တီးခဲ့သူ နေခြည်*သည် ယခုမူ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် အဆင်သင့်ဖြစ်နေသည်။
ယခင်က နိုင်ငံရေးလှုပ်ရှားမှုကို စိတ်မဝင်စားခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းချိန်ကစပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းပေါ်ထွက်ဆန္ဒပြကြသည့် ထောင်နှင့်ချီသည့် လူငယ်များအနက် နေခြည်လည်း ပါဝင်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသည့် ကလေးမြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက နေခြည်တို့ သူငယ်ချင်းတသိုက် ဖက်ရှင်ဒီဇိုင်းဆန်းများဖြင့် ဆန္ဒပြစစ်ကြောင်းများတွင် တက်တက် ကြွကြွ ပါဝင်ခဲ့ကြသည်။
နေခြည်တို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုသည် မတ်လတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှု၊ ဖမ်းဆီးမှုတို့နှင့် ရင်ဆိုင်ခဲ့ရသဖြင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရန် တာဝန်ရှိလာသည်ဟု ယူဆလာကြသည်။ ထိုသို့ယူဆသူများထဲတွင် နေခြည်လည်း ပါ၀င်သည်။
“မတရားဖမ်းဆီး၊ မတရားနှိပ်စက်၊ မတရားလုပ်ကြံတဲ့အလုပ်တွေ အကုန်အပြတ်ရှင်းဖို့ ကိုယ့်မှာပဲ တာဝန်ရှိတယ်။ စကစတွေရဲ့လုပ်ရပ်တွေ လုံးဝ လက်ခံနိုင်စရာ မရှိတာ။ ညီမ မိန်းကလေးဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန်ရှိလို့ လုပ်တာ” ဟု လက်နက်ကိုင်ရသည့် အကြောင်းရင်းကို နေခြည်က ဆိုသည်။
ဤသို့ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ကိုင်တွယ်မှုသည် ဆန္ဒပြသူများကို လက်နက်ကိုင်တော်လှန်ရေးသို့ တွန်းပို့ခဲ့ရာ နေခြည်တို့ကဲ့သို့ မိန်းကလေးများအပါအဝင် လူငယ်အများအပြား စစ်ပညာသင်ပြီး လက်နက်ကိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ ရောက်သွားကြသည်။
ဆန္ဒပြသူတို့ကို ပစ်ခတ်ခြင်း
ဆန္ဒပြပွဲများအားကောင်းသည့် ကလေးမြို့တွင် စစ်ကောင်စီက မတ်လလယ်မှစ၍ ပြင်းပြင်းထန်ထန်နှိမ်နင်းလာသည့်အခါ ရပ်ကွက်အလိုက် ဆန္ဒပြစစ်ကြောင်းများထွက်ရန် ဦးစားမပေးကြတော့ဘဲ တာဟန်းရပ်ကွက်တွင် အထိုင်ချ သပိတ်စခန်းတစ်ခုလုပ်လိုက်သည်။ ထိုနေရာမှာပင် နေ့နေ့ညည စုဝေးဆန္ဒပြကြသည်။
ထိုသပိတ်စခန်းကို မတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ပထမအကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ရာ ဆန္ဒပြသူငါးဦးထက်မနည်း သေဆုံးသွားသည်။ လူအများအပြား စုဝေးနေသည့်နေရာ တိုက်ခိုက်ခံရအပြီးတွင် တက်ကြွလှုပ်ရှားသူတချို့က ရိုးရာလက်လုပ် အမဲလိုက်တူမီးသေနတ်ဖြင့် ပထမဆုံးအကြိမ် ခုခံပစ်ခတ်ခဲ့သည်။
ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ပြန်လည်စုဝေးပြီး တာဟန်းခံတပ်ကို ပြန်လည်စုစည်းကာ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ပထမအကြိမ်ဖြိုခွဲမှုအပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက်နေ့ နံနက် ၅ နာရီစွန်းစတွင် စစ်သားအပြည့်တင်လာသည့် စစ်ကားများ သပိတ်စခန်းအနီး ရုတ်တရက်ရောက်လာပြီး လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကြသည်။
နေခြည်လည်း ခြေထောက်တွင် ဒဏ်ရာရသွားသည်။ သူ့အစ်ကိုကဲ့သို့ ရင်းနှီးသူတစ်ယောက်မှာမူ ဒဏ်ရာ အပြင်းအထန်ရသွားပြီး သေဆုံးသွားသည်။
“ကိုယ်မျက်စိရှေ့မှာ ဆုံးသွားတဲ့ ညီမတို့ရဲ့အစ်ကိုအတွက် ငိုနေတာကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ညီမတို့ လွတ်ရာပြေးခဲ့ရတယ်” ဟု နေခြည်က ပြောပြသည်။
“အစ်ကိုတွေ တချို့အဖမ်းခံရတယ်၊ တချို့ အသက်ပေးဆပ်ရတယ်။ အဲဒီနေ့တော့ ဝမ်းနည်းပက်လက် ငိုခဲ့ရတဲ့နေ့၊ လုံးဝ မေ့လို့မရတဲ့ရက်နေ့ဖြစ်တယ်။ တကယ်ပြောရရင် ညီမ သေနတ်ကိုင်ဖို့ တွန်းအားပေးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ပဲ”
ဧပြီ ၇ ရက်နေ့ တာဟန်းသပိတ်စခန်းဖြိုခွဲမှုကြောင့် တက်ကြွလှုပ်ရှားသူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
ခြေထောက်ဒဏ်ရာ ပျောက်ကင်းစ နေခြည်သည် မေလလယ်တွင် ကလေးမြို့ကို စွန့်ခွာပြီး အိန္ဒိယမြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ထိန်းချုပ်နယ်မြေဘက်သို့ ထွက်လာခဲ့သည်။
မိသားစုနှင့် ဆွေမျိုးများက နေခြည်၏ ပြင်းထန်သည့်စိတ်ကို နားလည်သဖြင့် မတားမြစ်ခဲ့ဘဲ အောင်ပွဲနှင့်အတူ ပြန်လာဖို့သာ မှာကြားကြသည်။
ခရီးကြမ်း
နံနက် ၄ နာရီထပြီး လေ့ကျင့်ခန်းဆင်းရခြင်းနှင့် အစပြုသည့် တစ်နေ့တာစစ်သင်တန်းက လူငယ်တို့အတွက် ပြင်းထန်ခက်ခဲလွန်းသည်။ သင်တန်း၏ နေ့စဉ်အချိန်ဇယားအတိုင်း လေ့ကျင့်သင်ယူရသည်များကို အမျိုးသားသင်တန်းသားများနှင့်တန်းတူ ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ဓမ္မတာလာချိန်များက အမျိုးသမီးတို့အတွက် အပင်ပန်းအခက်ခဲဆုံးအချိန်ဖြစ်ကြောင်း နေခြည်က ဖွင့်ဟသည်။
“ပုံမှန်ဆိုရင်တော့ ဒိုက်ထိုးနိုင်တယ်။ အဲ့ဒီအချိန်ဆိုရင် မလုပ်နိုင်ရင် အဆူခံရတယ်။ လူအများကြီး ရှေ့မှာပေါ့။ ရာသီလာတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် အရမ်းခက်ခဲတယ်” ဟု ကြုံခဲ့ရသည့် အခက်အခဲကို နေခြည်က ဖွင့်ဟသည်။
အိန္ဒိယဘက်တွင်လည်း ဆေးဘက်ဆိုင်ရာသင်တန်းတစ်ခုကို ရက် ၂၀ ကျော်ကြာ သွားရောက်လေ့လာခဲ့သည့် နေခြည်သည် လာမည့်ကာလတိုက်ပွဲဝင်ချိန်တွင် သေနတ်ကိုင်ပြီး ပစ်ခတ်ရန် ဝန်မလေးသလို၊ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသမှုပေးရန်လည်း အဆင်သင့်ဖြစ်နေသည်။
အရေးပေါ်ပြုစုကုသခြင်းက အန္တရာယ်မများသည့် တာဝန်ဖြစ်သော်လည်း နေခြည်က စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ရေးဘက်တွင်သာ ပိုမိုစိတ်အားထက်သန်နေသည်။
“စကစတွေကို လုံးဝခွင့်လွှတ်နိုင်စရာမရှိလို့၊ ကိုယ့်လက်နဲ့ သူတို့ကိုပြန်သတ်ဖို့ စိတ်ရှိလို့ပါ။ ဘာလို့လဲဆိုရင် အဲ့ဒီကတိကို ကိုယ်အချစ်ရဆုံးအကို့ကို နောက်ဆုံးကတိပေးခဲ့တဲ့ စကားလေးမို့လို့” ဟု နေခြည်က ဆိုသည်။
အမျိုးသမီးအင်အား ရာဂဏန်းပါဝင်သော နေခြည်တို့ ကလေးမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် အမျိုးသမီးများလည်း တိုက်ခိုက်ရေးဘက်တွင် တာဝန်ယူနိုင်သည်။
“သေနတ်ပစ်တဲ့အချိန် ခေါင်းဆောင်တွေက သေသေချာချာ ကြည့်ထားတယ် ကိုင်တဲ့ပုံစံ၊ ထိတဲ့ပုံစံကနေ စပြီးတော့ ခွဲတယ်။ ယောက်ျားလေးတွေလည်း အဲဒီလိုပဲ။ ယုံကြည့်လို့ရပြီး စိတ်ချပြီဆိုရင် တန်းတူသေနတ်ပေးတယ်၊ ရှေ့တန်းထွက်တယ်”ဟု သူက ဆိုသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင် အမျိုးသမီးတိုက်ခိုက်ရေးသမားနှင့် ပတ်သက်ပြီး မတူညီသည့်အမြင်များ ရှိနေသည်။ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထင်လင်းက အမျိုးသမီးများသည် ဆေးအဖွဲ့၊ ချက်ပြုတ်ရေးအပိုင်းတွင် ပါဝင်လျှင် သဘာဝပိုကျသည်ဟု ခံယူထားသည်။ ပုလဲ PDF တွင်လည်း အမျိုးသမီးဦးရေ အနည်းငယ်ပါဝင်သည်။
“ယောက်ျားတွေ ညီညွတ်မယ်ဆိုရင် လွတ်လပ်ရေး အပြန် ၂၀၀ လောက် ရအောင် တိုက်နိုင်တဲ့အင်အား ရှိတယ်။ အဲ့ဒီယောက်ျားတွေ ထွက်ခဲ့ပေါ့။ မိန်းကလေးတွေတော့ တိုက်ပွဲမှာ မသုံးချင်ဘူး။ နောက်တန်းကနေ ကူပေါ့” ဟု ကိုထင်လင်းက ပြောသည်။
နေခြည်ကမူ တိုက်ခိုက်ရေးအစီအစဉ်တစ်ခုတွင် ရှေ့တန်းအတွက် တာဝန်ပေးသည့်အခါ အမျိုးသမီး၊ အမျိုးသားဖြစ်ခြင်းကို ကြည့်ရှုရွေးချယ်ခြင်းကို မလိုလားဟု ယူဆသည်။
”တကယ်ဇွဲရှိ၊ တိုက်ရဲတဲ့သူကသာ ရှေ့တန်းမှာ နေရမှာ” ဟု နေခြည်က ဆိုသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်သူများဖြင့် စုဖွဲ့ထားသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုင်းလိုလို ရင်ဆိုင်နေရသည့် လက်နက်အင်အားနှင့် ငွေရေးကြေးရေး အခက်အခဲကို နေခြည်တို့အဖွဲ့ ကြုံတွေ့နေရသော်လည်း မကြာတော့မည့်ကာလ ရင်ဆိုင်ရမည့် တိုက်ပွဲများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်သည်ဟု ဆိုသည်။
ပြည်သူများ စိတ်အားမငယ်ရန်၊ အရေးပေါ်လိုအပ်ချက်များအတွက် အစားအစာ၊ ဆေးဝါး ကြိုတင်ပြင်ဆင်ထားရန် နေခြည်က တိုက်တွန်းလိုက်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများကို ဖမ်းဆီးနှိပ်စက်လေ့ရှိရာ တချို့မှာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ သေဆုံးသွားသည်။
အမျိုးသမီးလက်နက်ကိုင်တစ်ယောက်အနေဖြင့် ဖမ်းဆီးခြင်းခံရပါက နှိပ်စက်မည်ထက် အဓမ္မပြုကျင့်မည်ကို စိုးရိမ်ပူပန်ဆုံးဖြစ်သည်ဟု သူက ဖွင့်ဟသည်။
မည်သည့်အခက်အခဲဖြစ်စေ ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်ပြီးလျှင် ဒီဇိုင်နာအဖြစ် ပြန်လည်ရပ်တည်ကာ မိသားစုဝင် မောင်နှမများနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရေးက နေခြည့်အိပ်မက် ဖြစ်သည်။
“စစ်မှန်တဲ့ဒီမိုကရေစီ ရချင်လို့ ဒီလမ်းဒီခရီးကို ရွေးချယ်ခဲ့ရတာပါ။ အဆုံးထိ ဆက်တော်လှန်နေမှာ” ဟု နေခြည်က ပြောလိုက်သည်။
(*မှတ်ချက် – နေခြည်သည် အမည်ရင်းမဟုတ်ပါ)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe