မောင်တော — “ဒါဟာ မွတ်စလင်တိုင်းပြည်၊ ဒါဟာ မွတ်စလင်ပြည်နယ်။ ဒါဟာ ရိုဟင်ဂျာပြည်နယ်” စသည့် ကြွေးကြော်သံများ ကြားနေရသည့် အချိန်ထိ မောင်တော (၄)ရပ်ကွက်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် ကိုရှုဘောင်းမှာ ထိတ်လန့် တုန်လှုပ်မှု မဖြစ်သေးပေ။
မောင်တောဒေသတွင် ရှိကြသည့် ဟိန္ဒူနှင့် မွတ်စလင်တို့မှာ ကိုးကွယ်သည့်ဘာသာ ကွဲသော်လည်း ရုပ်ဆင်းသွင်ပြင်၊ ပြောဆိုသည့်စကား တူညီကြသဖြင့် ဤသို့ ကြွေးကြော်မှုအတွက် ပြဿနာမရှိနိုင်ဟု သူယူဆသည်။
သို့သော်လည်း ဆူပူအော်ဟစ်သူများ ရာနှင့်ချီ စုစည်းမိချိန်တွင် ၎င်းတို့၏ကြွေးကြော်သံက ပြောင်းလဲသွားသည်။ ဟိန္ဒူဘာသာဝင်တို့ကိုလည်း တိုက်ခိုက်ကြ ဟူသော အသံများ ထွက်ပေါ်လာပြီး နောက်တွင်တော့ ကိုရှုဘောင်းက မိသားစုခေါ်ပြီး နေအိမ်မှ အမြန်ဆုံး စွန့်ခွာရတော့သည်။
“သားရှိတဲ့လူက၊ သားချီ။ အဘွားရှိတဲ့လူက အဘွားချီ။ အဖေ၊ အမေရှိတဲ့လူက အဖေ၊ အမေကို ခေါ်ပြီး ထွက်ပြေးခဲ့ကြတယ်” ဟု စစ်တွေမြို့တွင် ခိုလှုံနေသူ ၃၄ နှစ်အရွယ် ကိုရှုဘောင်းက ပြောသည်။
ကိုရှုဘောင်းကဲ့သို့ ဟိန္ဒူဘာသာဝင် ၃,ဝဝဝ ကျော်သည် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ တချို့မှာ ခြိမ်းခြောက်ခံခဲ့ရသူများဖြစ်ပြီး တချို့မှာ အကြမ်းဖက်မှုနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသည်။
ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်မှု ၂ လ ပြည့်တော့မည့်အချိန်တွင် ၎င်းတို့နေရပ်ပြန်ရန် ဖိအားပေးခံလာရသော်လည်း အများအပြားက ထပ်မံအကြမ်းဖက်ခံရမည်ကို စိုးရိမ်ပြီး အိမ်ပြန်ရန် တွန့်ဆုတ်နေကြသည်။
၎င်းတို့၏လုံခြုံရေးကို သေသေချာချာ အာမခံမှု အခြေအနေများ မတွေ့ရသေးဟုလည်း ခံစားနေကြသည်။ ရဲဘောက်ကျရွာအနီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ဟိန္ဒူဘာသာဝင်တို့၏ ရုပ်အလောင်း ၄၅ ခု ကို စက်တင်ဘာလကုန်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့မှုက ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် မောင်တောဒေသအခြေအနေ ဆိုးဝါးပုံကို ပြသနေသည်။
အကြမ်းဖက်မှုနှင့်ရင်ဆိုင်ရ
သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဟိန္ဒူဘာသာဝင်တို့နေထိုင်ရာ ရဲဘောက်ကျကျေးရွာတွင် ဒေသခံ ၉ဝ၊ အိုးထိမ်းကျေးရွာတွင် ၁၄၄ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။
မောင်တောမြို့နယ်၊ ပုတင်းအုပ်စုရှိ မွတ်စလင်ရွာတစ်ခုဖြစ်သော ကညင်တန်းကျေးရွာတွင် ဦးဆောန်ဒေါ်ရောမောန်တို့၏ မိသားစုတစ်ခုသာ ဟိန္ဒူဝင်များ ဖြစ်ပြီး ယခုအခါ မြို့အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်နေသည်။
၎င်း၏သားငယ်မှာ အကြမ်းဖက်သမားတို့၏ ရန်ပြုမှုခံရပြီးနောက်ပိုင်း ပျောက်ဆုံးသွားကြောင်း၊ နေအိမ်သို့လည်း မျက်နှာဖုံးစွပ်လူအုပ်စု ရောက်လာပြီး ခြိမ်းခြောက်ကြကြောင်း သူက ပြောပြသည်။
“မင်းတို့ တပ်နဲ့အဆက်အသွယ်ရှိတယ်၊ (တပ်)စခန်းကိုသွားတဲ့လူတွေ ဆိုပြီးတော့ ကျွန်တော်တို့ဆီက ဖုန်း ၅ လုံးကို လုယူပါတယ်” ဟု အသက် ၆ဝအရွယ် ဦးဆောန်ဒေါ်ရောမောန်က ပြောသည်။
အကြမ်းဖက်သမားတချို့နှင့် ၎င်းတို့စုစည်းထားသည့် ဒေသခံတချို့ကလည်း ဓားရှည်များကိုင်ပြီး နေ့ညမပြတ် လှုပ်ရှားနေသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။
“လူကြမ်းတွေကလည်း ရွာထဲက ဖွဲ့စည်းထားတဲ့ လူကြမ်းတွေပါ။ သူတို့ကိုလည်း ဟိန္ဒူတွေက သိကြပါတယ်။ သူတို့က မျက်နှာတွေကို ဖုန်းထားတယ်။ သူတို့မှာ ဓားရှည်၊ ပစ္စတိုနဲ့ ဗုံးတွေ ပါပါတယ်” ဟု ဦးဆောန်ဒေါ်ရောမောန်က ပြောသည်။
မောင်တောမြောက်ပိုင်းနေ ဟိန္ဒူများ
မောင်တော၊ ခမောင်းဆိပ်မြို့၊ ကသည်းရွာမှာ ရွာကိုဝိုင်းထားသူတို့၏ မီးရှို့ခြင်း ခံရသည်ဟု ရွာကျောင်းတွင် စာသင်ပေးရသူ မထွန်းထွန်းနုက ဆိုသည်။
“လူ ၁,ဝဝဝ လောက် ရွာကို ဝိုင်းထားပါတယ်။ ဝိုင်းပြီးတော့ မီးရှို့ပါတယ်။ ထွက်ဖို့လမ်းလည်း မရှိဘူး” ဟု သူက ပြန်ပြောပြသည်။
မီးရှို့သူ အမျိုးသားများအတွက် လောင်စာပုံး ယူဆောင်ပေးသူတချို့မှာ အမျိုးသမီးများဖြစ်ကြောင်း၊ မီးရှို့သူတို့က ရွာထဲမှ ထွက်လာသူများကို တိုက်ခိုက်ကြကြောင်း သူက ဆက်ပြောသည်။
မထွန်းထွန်းနုက ရွာ၏ အခြားထွက်ပေါက်တစ်ခုမှ ထွက်ပြေးပြီးနောက် အနီးအနားရှိ ရဲစခန်းသို့ သွားရောက် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူ အသက် ၄ဝ အရွယ် ဒေါ်မိန်နာဘာလာက သြဂုတ်လ အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း ခင်ပွန်းသည်၊ သမီး၊ သားတို့ ပျောက်ဆုံးသွားသည်ဟု ပြောသည်။
ခင်ပွန်းသည်သည် တမန်းသားကျေးရွာမှ ခမောင်းဆိပ်ရှိ မိဘအိမ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု စျေးသည် ဒေါ်မိန်နာဘာလာက ပြောသည်။
ခမောင်းဆိပ်တောင်ရွာ၊ ရဲဘောက်ကျကျေးရွာတို့မှာ ရွာလုံးကျွတ် အသတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
သြဂုတ်၂၅ မတိုင်မီ
မောင်တောခရိုင်အတွင်းရှိ မွတ်စလင်ကျေးရွာအများစုတွင် ဟိန္ဒူဘာသာဝင်များလည်း ရောနှော နေထိုင်ခဲ့ကြသည်။
ဒေသတွင်း မွတ်စလင်များနှင့် ရခိုင်များကြား ဆက်ဆံရေး တင်းမာမှုတွင် ဟိန္ဒူဘာသာဝင်တို့ ကြားညပ်ခဲ့ရသည်ဟု မောင်တော (၄)ရပ်ကွက်တွင် နေထိုင်ခဲ့သူ ကိုရှုဘောင်းက ဆိုသည်။
“ကျွန်တော်တို့နဲ့က စကားချင်းလည်း တူတယ်၊ ရုပ်ချင်းလည်း တူတော့ မွတ်စလင်တွေနဲ့ ဆက်ဆံတာ များပါတယ်။ ရခိုင်တွေက များသောအားဖြင့် ကျွန်တော်တို့ကို ကုလားလို့ပဲ ခေါ်ကြတယ်။ ကျွန်တော်တို့ နှစ်ဖက်လုံးနဲ့ အဆင်ပြေအောင်နေရတဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ပါတယ်” ဟု ကိုရှုဘောင်းက ပြောသည်။
သြဂုတ် ပဋိပက္ခအတွင်း ၎င်းတို့ ပစ်မှတ်ထားခံရခြင်းမှာ အကြမ်းဖက်သမားများဘက်တွင် ရပ်တည်ခြင်း မရှိသောကြောင့် ဖြစ်မည်ဟု ကိုရှုဘောင်းက ထင်မြင်ချက်ပေးသည်။
အကြမ်းဖက်မှုများ ဖြစ်ပွားသည့် မောင်တောဒေသတွင် နေထိုင်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရာ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူ ခြောက်သိန်းနီးပါး ရှိလာပြီဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။
အောက်တိုဘာလလယ်ပိုင်းက မောင်တော၊ ပန်းတောပြင်ကျေးရွာတွင် တွေ့ရသော မွတ်စလင်အများအပြားမှာ သတင်းထောက်တချို့နှင့် တွေ့ကြသော်လည်း တွေ့ကြုံခဲ့ရသည်များကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြပေ။
စက်တင်ဘာလကုန်ပိုင်းက သတင်းသမားတချို့ တပ်မတော်၏အစီအစဉ်ဖြင့် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိစဉ် မွတ်စလင် တစ်ဦးဖြစ်သူ ကိုနန်နဝါနှင့် ခေတ္တမေးမြန်းခွင့်ရခဲ့သည်။ တပ်မတော်အရာရှိတစ်ဦးက ထိုတွေ့ဆုံမေးမြန်းခြင်းကို မလှမ်းမကမ်းမှ အကဲခတ်နေသည်။
မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ မွတ်စလင်များ တခြားဒေသသို့ သွားရောက်ခွင့်မရဘဲ မောင်တောဒေသတွင် အချိန်ကြာမြင့်စွာ ကန့်သတ်၊ ပိတ်လှောင်ခံထားရမှုကြောင့် ဖြစ်သည်ဟု ကိုအန်နဝါက ခပ်တိုးတိုး ပြောပြသည်။
“ကျွန်တော်တို့ အနေနဲ့ သွားလာဖို့ အခက်အခဲဖြစ်နေတယ်။ စီးပွားရေးတွေဘာတွေ လုပ်လို့မရ ဖြစ်နေတယ်။ ကျွန်တော်တို့က ဟိုသွားဒီသွား သွားလို့မရဘဲ ဒီမှာပဲ အတည်တကျ စျေးဆိုင်တွေ ဘာတွေ ရောင်းနေရတယ်” ဟု ၎င်းက ပြောသည်။
ပြန်လည် နေရာချထားရေး
မွတ်စလင်အများစုဖြစ်သော မောင်တောခရိုင်အတွင်း ကျေးရွာပေါင်း ရဝ၃ ရွာတွင် လူဦးရေ ၈ သိန်းကျော် ရှိသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေးရွာပေါင်း ၁ဝဝ ခန့် ရှိမည်ဟု ခရိုင် အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲထူးက ခန့်မှန်းသည်။
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံး လုပ်ဆောင်နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သတင်းထောက်များကို အောက်တိုဘာလဆန်းပိုင်းက တွေ့ဆုံစဉ် ရှင်းပြသည်။
“ပြန်လည်နေရာချထားရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေ၊ Master Plan (အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်) က ပါလာတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အစိုးရက တာဝန်ယူသွားမှာပါ” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကို မူတည်ပြီး အစီအစဉ် ရေးဆွဲမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
နေရာသစ်ကို မျှော်လင့်ခြင်း
ပျောက်ဆုံး ဟိန္ဒူဘာသာဝင်များ ရှာဖွေရာတွင် အကူအညီပေးနေသည့် ဦးနီမော်က မောင်တောဒေသတွင် ပဋိပက္ခတစ်ခုခု ဖြစ်လာပါက လူနည်းစုဖြစ်နေသော ဟိန္ဒူများမှာ အခက်တွေ့ရသည်ဟု ပြောသည်။
၂၀၁၂ နှင့် ၂၀၁၆ တို့တွင် ဖြစ်ပွားသည့် ပဋိပက္ခကြားတွင် ပိတ်မိစဉ် အာဏာပိုင်တို့၏ အကူအညီရရန် ခက်ခဲကြောင်း၊ နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုတွင်လည်း လူနည်းစုဟိန္ဒူတို့ ပစ်မှတ်ထားခံရသဖြင့် အံ့အားသင့်မိသည်ဟု ဦးနီမော်က ဆိုသည်။
“အကြမ်းဖက်ကလည်း အစိုးရနဲ့ ဆန့်ကျင်ဘက် လုပ်ရင်လုပ်၊ ရခိုင်တွေနဲ့ ဆန့်ကျင်ဘက် လုပ်ရင်လုပ်၊ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူးလေ” ဟု ဦးနီမော်က ပြောသည်။
အကြမ်းဖက်သမားများနှင့် သွားရောက်ပူးပေါင်းသည့်သူ အများအပြားမှာ မွတ်စလင်များ ဖြစ်ကြောင်း၊ ဟိန္ဒူဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့်အခါ မွတ်စလင်များနှင့် ယှဉ်တွဲနေထိုင်ရန်မှာ မဖြစ်နိုင်ဟု ယူဆသူများထဲတွင် ဦးနီမော်လည်း ပါဝင်သည်။
သြဂုတ်လပဋိပက္ခ အစပြုစဉ်က ကနဦးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ကမူ ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိဟု ကြေညာထားသည်။
မွတ်စလင်ကျေးရွာများတွင် လှည့်လည်နေထိုင်ခဲ့သူ ဆေးဆရာ ကိုရှုဘောင်းက ယခင် နေထိုင်မှုပုံစံမျိုး ပြန်ရလိုခြင်း မရှိကြောင်း၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုသည်မှာ အကြမ်းဖက်သမားများ ထပ်မံရောက်မလာနိုင်သည့် အခြေတွင်သာ ဖြစ်နိုင်ကြောင်း ပြောသည်။
“ရက်ရက်စက်စက် သတ်တာကို ကျွန်တော်တို့ မလိုလားပါဘူး။ သွားလည်း မသွားဘူး” ဟု ပြောလိုက်သည့် ကိုရှုဘောင်း၏ အသံက ဝါးကြမ်းခင်းများခင်းထားပြီး အစိမ်းရောင် တာလပတ်များ မိုးထားပြီး ကလေးငယ်များ ဆော့ကစားနေကြသည့် ဟိန္ဒူဒုက္ခသည်စခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ။