ကော့ဘဇား၊ ဘင်္ဂလားဒေ့ရှ် — ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ယာယီစခန်းတစ်ခုမှာရောက်နေတဲ့ ဟိန္ဒူဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ နေစဉ် သူတို့နဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ညီညီညွတ်ညွတ် နေထိုင်ခဲ့ကြတဲ့ အခြေအနေတွေကို သတိရနေကြပါတယ်။
“ကျွန်တော်တို့ ပွဲတော်တစ်ခုခုကျင်းပတိုင်း သူတို့ကို ဖိတ်လေ့ရှိသလို သူတို့ပွဲရှိရင်လည်း ကျွန်တော်တို့ကို ဖိတ်ပါတယ်” လို့ ရခိုင်ပြည်နယ် မောင်တောမြို့၊ ဆီယွန်ဆူရီရွာ မြန်မာဘာသာနဲ့ဆိုရင် အလယ်သံကျော်ရွာက ထွက်ပြေးလာသူလို့ ဆိုတဲ့ အသက် ၆ဝ အရွယ် ဘိုလာရန်ရှီက ပြောပါတယ်။
Arakan Rohingya Salvation Army (ARSA)အဖွဲ့နဲ့ တပ်မတော်အကြား သြဂုတ် ၂၅ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့အသိုင်းအဝိုင်းနှစ်ခု ဆက်ဆံရေးပျက်စီးသွားတာပါ။ ဒီအခြေအနေဟာ တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။
သူတို့ရွာနဲ့ နီးတဲ့ ရဲဘောက်ကျရွာက ဟိန္ဒူတွေကတော့ ARSA အဖွဲ့ဝင်တွေဟာ ရဲစခန်းနဲ့ စစ်တပ်ကင်းစခန်းတွေကို တိုက်ခိုက်ပြီး မရှေးမနှောင်းမှာပဲ သူတို့ဆွေမျိုးအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဟိန္ဒူဘာသာဝင်အများအပြားလည်း ပျောက်ဆုံးနေပါတယ်။ ARSA အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ARSA လက်ချက်လို့ စွပ်စွဲထားပြီး နယ်စပ်ကို ဖြတ်ပြီးထွက်ပြေးသွားတဲ့ ကျန်ရစ်သူ ဟိန္ဒူတွေကိုလည်း ပြန်ခေါ်ထားပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဟိန္ဒူတွေဟာ ရခိုင်ဒေသမှာ အစိုးရက စီစဉ်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ ရိုဟင်ဂျာတွေနဲ့ နေရတဲ့ ဒုက္ခသည်စခန်းမှာ နှိပ်စက်ခံရမှုတွေ၊ ပစ်ပယ်ခံထားရမှုတွေ၊ မရေရာတဲ့ အနာဂတ်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အများစုကတော့ နေရပ်ကို ပြန်ရကောင်းနိုးနိုး၊ မပြန်ရကောင်းနိုးနိုးနဲ့ ချီတုံချတုံဖြစ်နေကြတာပါ။
“ဘင်္ဂလားဒေ့ရှ်က မွတ်စလင်နိုင်ငံဖြစ်လို့ အိန္ဒိယကိုပဲသွားချင်တယ်” လို့ ၅၅ နှစ်အရွယ် စီတရိုရန်ဂျွန်ပါးလ်က ပြောပါတယ်။
အရင်တုန်းကတော့ သူငယ်ချင်းတွေ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ပြီး မြန်မာအများအပြားက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေကို တွေ့နိုင်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေထက်စာရင် ဟိန္ဒူဘာသာဝင်တွေက ပိုပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမယ့် တချို့ကိစ္စတွေမှာတော့ အနှိမ်ခံရတာချင်း အတူတူပါပဲ။ ဆီယွန်ဆူရီရွာကို ARSA ဝင်လာတဲ့အခါ ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြား စိတ်ဝမ်းကွဲသွားကြပါတယ်။
ရိုဟင်ဂျာ/ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုတွေဟာ အရင်ကလည်းရှိနေခဲ့ပေမယ့် ကြာကြာမခံခဲ့သလို အောင်မြင်မှုလည်း မရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ ဘင်္ဂါလီ တစ်သန်းကျော်ကို ကန့်သတ်တင်းကျပ်၊ အဲဒီထဲက တစ်သိန်းခွဲကို ပြည်တွင်းက ဒုက္ခသည်စခန်းတွေကို ပို့လိုက်တာကြောင့် ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေ ၂ဝ၁၂ မှာ ဖြစ်ပွားပြီးနောက်ပိုင်း ARSA အဖွဲ့ပေါ်လာပါတယ်။
ပါကစ္စတန်မှာ မွေးတဲ့ ရိုဟင်ဂျာအမျိုးသား အက်တူလာဆိုသူ ဦးဆောင်တဲ့ ARSA အဖွဲ့က လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်မှာ ပထမဆုံး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတုန်းကအဖွဲ့ရဲ့ အမည်က Harakat Al-Yakin ခေါ် ဘာသာရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ တပ်မတော်နဲ့ပထမအကြိမ် တိုက်ခိုက်ပြီး နောက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ လူအင်အားပိုများလာသလို တပ်မတော်က မုဒိမ်းကျင့်တယ်၊ ဥပဒေဘောင်အပြင်ဘက်က သတ်ဖြတ်မှုတွေလုပ်တယ်၊ ရွာတွေကို မီးရှို့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ရွာထဲမှာ လူစုနေတာကို တွေ့ခဲ့ရတယ်၊ လူငယ်တွေနဲ့ သူသိတဲ့သူ တချို့ ပါသွားတယ်လို့ ပါးလ်က ပြောပါတယ်။
“သူငယ်ချင်းတချို့လည်း ARSA ထဲ ဝင်လိုက်ကြတယ်” လို့ ပါးလ်က ဆိုပါတယ်။ ဘာကြောင့်ဒါမျိုးလုပ်ရတာလဲလို့ သူက မေးပါတယ်။ လွတ်မြောက်မှုကို ရချင်တာကြောင့်လို့ သူတို့က ဖြေပါတယ်။
အဲဒီထဲမှာ တစ်ယောက်က သူ့နဲ့ နီးနီးကပ်ကပ်ပေါင်းတဲ့ သူငယ်ချင်းပါ။
“ကျွန်တော်တို့ အတူတူကြီးပြင်းခဲ့တာပါ။ သူ့ကိုရော၊ သူ့အမည်ကိုရော ၊ သူ့အဖေအမည်ကိုရော သိပါတယ်” လို့ ပါးလ်က ပြောပါတယ်။
ဒီပြဿနာမှာ ဝင်မပါဖို့နဲ့ အစိုးရက ဘာဖြစ်ဖြစ်လုပ်ရင်ခံရမယ်လို့ ပါးလ်က သူ့သူငယ်ချင်းကို တိုးတိုးတိတ်တိတ် တားပါသေးတယ်။ ပါးလ်အနေနဲ့ ဒီကိစ္စကို မကြိုက်ဘူးဆိုလည်း ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့၊ အခြားသူတွေ သိသွားရင် ပြဿနာရှိတယ်ဆိုတာ သူ့သူငယ်ချင်းက ပြောခဲ့ပါတယ်။ ARSA တွေဟာ အစိုးရသတင်းပေးတွေကို ပစ်မှတ်ထားနေတာကြောင့် ပါးလ်အနေနဲ့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေလိုက်ပါတော့တယ်။
သြဂုတ် ၂၅ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ARSA အဖွဲ့ဝင်တွေဟာ မျက်နှာကို အဝတ်နက်တွေစည်း၊ ရွာထဲ လှည့်သွားနေပြီး ရွာသားတွေကို မနှောင့်ယှက်ဘူးလို့ ပြောပါတယ်။ တချို့က ပါးလ်ကို ချက်ပြုတ်စားစရာတွေနဲ့ စီးကရက်တွေကိုတောင် ပေးသွားကြပါတယ်။
ဒါပေမယ့် ဆွေမျိုးတစ်ယောက်က သူ့ကိုခေါ်ပြီး ARSA တွေက ဟိန္ဒူဘာသာဝင်တွေကိုပါ သတ်မယ့်အကြောင်း ကြားထားတာ ပြောသလို သူ့ကိုလည်း ထွက်ပြေးဖို့ ပြောပါတယ်။
“အဲဒီမှာ ကျုပ်စပြီး ကြောက်သွားတာပဲ” လို့ သူက ပြောပါတယ်။ အဲဒီကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာပြီး သူ့သူငယ်ချင်းကိုလည်း ပါးလ်မတွေ့ရတော့ပါဘူး။
တိုက်ခိုက်မှု
ဘင်္ဂလားဒေ့ရှ်ဘက်ကို ဟိန္ဒူဘာသာဝင် ငါးရာကျော်ထွက်ပြေးခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာအရေအတွက် ငါးသိန်း ဆိုတဲ့ ကိန်းဂဏန်းနဲ့ယှဉ်ရင် အဆမတန် ကွာဟနေတာပါ။ ဟိန္ဒူဒုက္ခသည်တွေကို သူတို့ဘုရားကျောင်း အနီးမှာရှိတဲ့ ကြက်ခြံတစ်ခုထဲမှာ သီးသန့်ထားပါတယ်။ သူတို့နေရတဲ့ နေရာက ရိုဟင်ဂျာတွေကို ထားတဲ့ နေရာလောက် ဆိုးဆိုးရွားရွားမဟုတ်ပေမဲ့ သူတို့နေခဲ့တဲ့ အိမ်နဲ့တော့ တူနိုင်မှာ မဟုတ်ပါဘူး။
ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီး တစ်ပတ်လောက်အကြာမှာ ဆီယွန်ဆူယီရွာသားတွေဟာ အရင်က အိမ်နီးနားချင်းတွေကို ဆက်သွယ်မိပါတယ်။
သူတို့ပြောပြချက်အရ ဟိန္ဒူတွေက သူတို့အိမ်နီးချင်းတွေကို ရောင်းခဲ့တဲ့ တိရစ္ဆာန်ဖိုးတွေကို သွားတောင်းချင်တယ်။
အဲဒီကိစ္စ ဘယ်လိုဆက်ဖြစ်တယ် မသိပေမဲ့ ဟိန္ဒူအမျိုးသားနှစ်ယောက် ပြောတာကတော့ သူတို့ကို မွတ်စလင် ၁၁ ယောက်က လမ်းမှာခြိမ်းခြောက်ပြီး သစ်သားတုတ်၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်ပါတယ် တဲ့။
ဟိန္ဒူဘာသာဝင်တစ်ယောက်ကတော့ အရိုက်ခံထားရတဲ့ လက်မောင်း၊ တင်ပါးပေါ်က ဒဏ်ရာတွေကို ပြပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေရှိရာ ကော့ဘဇား ခရိုင်ရဲစခန်းအောက်မှာရှိတဲ့ အူခီးယားရဲစခန်းမှူး မိုဟာမက်ကိုင်ကီစလူအင်းက အဲဒီရန်ပွဲက စက်တင်ဘာ ၁၂ ရက်ဝန်းကျင်လောက်က ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကတည်းက ပါလာတဲ့ ရန်ငြိုးရန်စဖြစ်တယ်လို့ ပြောပါတယ်။
ရိုက်နှက်တဲ့ အုပ်စုထဲမှာ ပါတဲ့သူအချို့ကို ဒုက္ခသည်စခန်းကနေ တောထဲကို မောင်းထုတ် အပြစ်ပေးလိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။
“အဲဒီလူအုပ်က ဒီလူနှစ်ယောက်လက်ကို ကြိုးတွေနဲ့ တုပ်ပြီး ရိုက်တာပါ” လို့ အရိုက်ခံရသူတွေရဲ့ တိုင်ကြားချက်ကို သူက ပြောပါတယ်။
ရိုက်ခဲ့သူများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်မလာတော့ကြောင်း ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။
ကိုင်ကီစလူအင်းက သူတို့ရဲတပ်ဖွဲ့အနေနဲ့ လူသေအလောင်းနှစ်လောင်းကို ရှာဖွေတွေ့ခဲ့ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အတွက် ယခုဖြစ်စဉ်နဲ့ ပတ်သက်မှုရှိ၊ မရှိ ကောက်ချက် မချနိုင်ကြောင်း ပြောပါတယ်။ မိသားစုဝင်တစ်ဦးက အလောင်းတစ်လောင်းကို လာကြည့်ပြီး သူတို့လူဖြစ်ကြောင်း ပြောခဲ့ပေမယ့် တာဝန်ရှိသူများက သံသယရှိနေကြတာပါ။
“ဒီအလောင်းနှစ်လောင်းကို ဘယ်သူဘယ်ဝါဆိုတာ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး” ဟု ကိုင်ကီစလူအင်းက ပြောပါတယ်။
အဆိုပါ ကိစ္စရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး ရှေ့နောက်မညီတဲ့ ထွက်ဆိုချက်များရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပျောက်သွားတယ်လို့ ပြောတဲ့တစ်ယောက်ကို နောက်ပိုင်းမှာ ပြန်တွေ့ခဲ့တာမျိုး ဖြစ်ခဲ့ဖူးတာကို သူက ဥပမာ ပေးပါတယ်။
ဒီဖြစ်စဉ်ကို လူသတ်မှုလို့ပဲ သတ်မှတ်ထားကြောင်း ရဲအရာရှိ ကိုင်ကီစလူအင်းက ပြောပါတယ်။
အလောင်းမြှုပ်တဲ့နေရာ
ဂျာဂါဒစ်ရှ်ပါးဟာ သူရဲ့ ဖိနပ်ကို ချွတ်၊ မြစ်ကမ်းဘက်ကို သွားပြီး မြေစာပုံအသစ်ပေါ်ကို လျှောက်သွားပါတယ်။
သူ့အဖေ ရာဘင်ဒရာပါးကို မြှုပ်ဖို့ ဖြစ်သလိုတူးထားရတဲ့ တွင်းနားမှာ သူဆုတောင်းပါတယ်။ ဟိန္ဒူအယူအဆမှာ ဖခင်သေရင် သားဖြစ်သူ ခေါင်းတုံးတုံးရပါတယ်။
အဲဒီတွင်းကို ဟိန္ဒူတွေအတွက် ယာယီဒုက္ခသည်စခန်းထဲမှာပဲ တူးလိုက်တာပါ။ ဘာအမှတ်အသားမှလည်း မရှိပါဘူး။ တူးတဲ့နေရာက ဗုဒ္ဓဘာသာ သင်္ချိုင်းနဲ့တော့ နေရာ ကန့်ထားပါတယ်။ သင်္ချိုင်းနှစ်ခုစလုံးက တောနံဘေး၊ ဟင်းလင်းပြင်ကွင်းထဲမှာပါ။
ငွေသိမ်းဖို့ သွားခဲ့ပြီး အိမ်ပြန်မလာနိုင်တော့တဲ့ ဟိန္ဒူ ဘာသာဝင် ၁ဝ ယောက်ထဲမှာ သူ့အဖေလည်း ပါတယ်လို့ ပါးလ်က ပြောပါတယ်။ စခန်းမှာရှိသူတွေကလည်း ရုပ်အလောင်းမှာ
ပတ်ထားတဲ့ လက်ပတ်ကို ကြည့်တာနဲ့ ဟိန္ဒူဘာသာဝင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။
ပါးလ်နဲ့ သူ့ညီအစ်ကို မောင်နှမ ၆ ယောက်ဟာလည်း ဒီဒုက္ခသည်စခန်းမှာ နေကြပြီး သူ့အမေကတော့ မြန်မာနိုင်ငံဘက်မှာ ကျန်နေတယ်လို့ ဆိုပါတယ်။ ပါးလ်ကတော့ အရင်တုန်းက စစ်တကောင်းမှာ ဆံသဆရာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သူပါ။
သူ့အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး ရန်ကုန်မှာနေခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံဘက်ကို အပြီးပြန်သွားချင်ကြောင်း ပါးလ်က ပြောပါတယ်။
“ကျုပ်တို့ တစ်ရွာတည်းမှာ သူတို့နဲ့ အတူနေလို့ မဖြစ်တော့ဘူး။ ဘင်္ဂလားဒေ့ရှ်မှာလည်း မနေချင်ဘူး” လို့ သူက ပြောပါတယ်။
အိန္ဒိယကိုတော့ နေသင့်တဲ့နေရာလို့ သူက ဆိုပါတယ်။
“ကျုပ်တို့အတွက်တော့ ဒီဒုက္ခသည်စခန်းရှိတဲ့နေရာက မလုံခြုံပါဘူးဗျာ”