အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်ပြည်တွင် ပထမဆုံးအကြိမ် ကျောက်စိမ်းရောင်းချခွင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရရှိ

ဇူလိုင်လ ၂၂ ရက်မှ ၂၅ ရက် အထိ နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျယ်ဂေါင်အထူးစီးပွားရေးဇုန်တွင် ကျင်းပနေသည့် မြန်မာ့ကျောက်မျက်ရောင်းချပွဲတွင် စစ်တပ်ကုမ္ပဏီက ကျောက်စိမ်းများ ဝင်ရောက်ရောင်းချခွင့်ရနေသည်။

တရုတ်အစိုးရသည် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို ၎င်းတို့နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျောက်စိမ်းခင်းကျင်းရောင်းချရန် ခွင့်ပြုချက်ချပေးလိုက်သဖြင့် ဇူလိုင် ၂၂ ရက် (ယမန်နေ့) မှ ၂၅ ရက် (လာမည့်စနေနေ့) အထိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ကျင်းပသည့် မြန်မာ့ကျောက်မျက်ရောင်းချပွဲတွင် ဦးပိုင်က ကျောက်စိမ်းများ ဝင်ရောက်ရောင်းချနေပြီ ဖြစ်သည်။

စစ်အုပ်စုလက်အောက်ခံ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ယူနန်ပြည်နယ်အစိုးရတို့၏ သဘောတူညီချက်ဖြင့် ရွှေလီမြို့ ကျယ်ဂေါင်အထူးစီးပွားရေးဇုန်၌ ကျင်းပနေသည့် အဆိုပါကျောက်စိမ်းပြပွဲကို အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့ခံထားရသည့် စစ်တပ်ထိန်းချုပ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) က ဦးဆောင်သည်။

ယခင်ကကျောက်စိမ်းအရောင်းပွဲကို ရန်ကုန်နှင့်နေပြည်တော်တို့တွင်သာ ကျင်းပလေ့ရှိသော်လည်း ပြည်တွင်းစစ်နှင့် ကျားဖြန့်အွန်လိုင်းလောင်းကစားဂိုဏ်းများကြောင့် တရုတ်ကုန်သည်များ မြန်မာပြည်သို့လာရောက်ရန် တွန့်ဆုတ်နေချိန်တွင် တရုတ်နိုင်ငံနယ်နိမိတ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။ 

 Myanmar Now က ရရှိထားသော မှတ်တမ်းများအရ ယခုပြပွဲအတွက် စစ်တပ်ထိန်းချုပ်ထားသော ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(MGE)၊ ၎င်းနှင့်အကျိုးတူလုပ်နေသည့် ကုမ္ပဏီများ၊  စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီ၊ အလတ်စားကျောက်မျက်လုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများထံမှ ကျောက်စိမ်းအတွဲပေါင်း ၇၀၀ ကိုလက်ခံခဲ့ပြီး  ဆန်ခါတင်ရွေးချယ်ထားသော အရည်အသွေးကောင်း ကျောက်စိမ်းအတွဲပေါင်း ၅၀၀ အနက် အတွဲ ၂၀၀ ကို သွားရောက်ရောင်းချရန် ခွင့်ပြုချက်ရရှိထားကြောင်း တွေ့ရသည်။ 

၂၀၁၉ ခုနှစ် မတ်လက ​​နေပြည်တော်တွင် ပြုလုပ်သော ကျောက်မျက်ပြပွဲ။ (ဓာတ်ပုံ-မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း) 

တရုတ်ပြည်ကျောက်စိမ်းပွဲသည် ဈေးကွက်စမ်းသည့်အနေဖြင့် သွားရောက်ရောင်းချခြင်းဖြစ်ကြောင်း နေပြည်တော်မှ အသက် ၄၀ ကျော်အရွယ် ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်

“ချစ်ကြည်ရေးသဘောမျိုး၊ ဈေးကွက်စမ်းတဲ့ သဘောမျိုးသွားတာ” ဟု ထိုအမျိုးသားက ဆိုသည်။

တရုတ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်ပြသမည့် ကျောက်မျက်ရတနာပြပွဲကို စစ်အုပ်စုက လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက အစီအစဉ်ရှိခဲ့ပြီး အင်းအားအလွန်ပြင်းသည့် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကြန့်ကြာသွားရာမှ ယခုအခါ အထမြောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ငါးနှစ်ဆက်တိုက်ပြသရန်လည်း စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ပထမဆုံးအကြိမ်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ပိုကျသည့် မြို့ကြီးများတွင် သွားရောက်ရောင်းချမည့်ပွဲမဟုတ်ဘဲ နယ်စပ်မြို့ ရွှေလီတွင်သာ ရောင်းချခြင်းဖြစ်ကြောင်း၊ ရောင်းချမည့် ကျောက်စိမ်းအတွဲများသည် MGEနှင့် အကျိုးတူကုမ္ပဏီတို့၏ ကျောက်စိမ်းများဖြစ်ပြီး ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ကျောက်စိမ်းများမပါဝင်ကြောင်း ရောင်းချရေးအစီအစဉ်ကို သိရှိသည့် ထိုလုပ်ငန်းရှင်က ပြောသည်။

“ပြည်တွင်းမှာ ပြနေတဲ့ ကျောက်တွေပဲ။ အဲဒီထဲက နည်းနည်းကောင်းမယ်ထင်တာ ရွေးသွားတာ။ လိုက်တဲ့ကုမ္ပဏီက နည်းနည်းလေး၊ မလိုက်တဲ့ ကုမ္ပဏီများတယ်” ဟု သူက ဆိုသည်။ 

နယ်စပ်လမ်းကြောင်းများမကောင်း၍ တရုတ်သို့ တရားမဝင်တင်ပို့သည့် ကျောက်စိမ်းများလည်း ပိတ်ဆို့နေပြီး လမ်းကြောင်းကောင်းပါက ယခုသွားရောက်ရောင်းချမည့် ကျောက်စိမ်းများသည်ပင် အောက်လမ်းကရောင်းချပြီးဖြစ်နိုင်ကြောင်း ၎င်းက ထင်မြင်ချက်ပေးသည်။ 

ယခုပြပွဲအတွက် ရောင်းချမည့် ကျောက်စိမ်းများကို ထုပ်ပိုး၍ လေကြောင်းမှ ပို့ဆောင်ခြင်းဖြစ်ပြီး Innocraft ကုမ္ပဏီက အာမခံချက်ဖြင့် ကြားခံသယ်ယူပေးခြင်းဖြစ်သည်။ လမ်းကြောင်းတလျှောက်တွင် သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြပွဲအတွင်းခင်းကျင်းပြသခြင်းများဆောင်ရွက်ရာတွင် ပျက်စီးပျောက်ဆုံးမှုကို တာဝန်ယူ အာမခံကြောင်း ကျောက်မျက်ရောင်းချရေးဆွေးနွေးချက် မှတ်တမ်း၌ တွေ့ရသည်။ 

ကျောက်စိမ်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရောင်းထွက်သွားသည့် ကျောက်စိမ်းများအတွက် ၂၁ ရက်အတွင်း ငွေပေးချေမည်ဖြစ်ကြောင်း၊ တရုတ်ယွမ်ဖြင့် ပေးချေမည်ဖြစ်၍ ကုမ္ပဏီများအနေဖြင့် ယွမ်ဘဏ်စာရင်းဖွင့်လှစ်ထားရန်လိုအပ်ကြောင်းလည်း သိရသည်။

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုခံထားရသလို နိုင်ငံတကာငွေပေးချေမှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများကြောင့် ကျောက်မျက်ရောင်းချရာတွင် တရုတ်ယွမ်ဖြင့်လက်ခံရောင်းချသည့်စနစ်ကို စစ်အုပ်စုက ပိုမိုချဲ့ထွင်လာသည်။ 

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကလည်း စစ်ကောင်စီကျောက်မျက်ပြပွဲများ တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တိုက်တွန်းထားသည်။

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness ၏ ၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်အရ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကြား ရရှိနိုင်သည်၊ တရားမဝင်တူးဖော်မှုများကိုပါ ထည့်တွက်မည်ဆိုပါက နှစ်စဉ် ပျမ်းမျှ ဒေါ်လာနှစ်ဘီလီယံ အထိ ရရှိနိုင်သည်ဟု ဆိုသည်။

သယံဇာတများကို လက်ဝါးကြီးအုပ်၍ စစ်လက်နက်တပ်ဆင်ရန် အာဏာသိမ်းစစ်တပ်က အသုံးချနေသည့် အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် နိုင်ငံတကာသို့ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းကို ပိတ်ဆို့တားဆီးရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button