ရန်ကုန် – ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တပင်ရေွှထီး စက်သုံးဆီရောင်းဝယ်ရေး အပါအဝင် လုပ်ငန်းအများအပြား လုပ်ကိုင်သူ အသက် ၅၀ ကျော်အရွယ် ဦးအားဖာကို ယနေ့နေ့လယ်ပိုင်းက အမည်မသိ ဆိုင်ကယ်စီးလာသူ လူ နှစ်ဦးက မီးပွိုင့်လမ်းလယ်ကောင်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်။
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့၏ အခါဈေး မီးပွိုင့်တွင် ကားရပ်နားထားစဉ် ဆိုင်ကယ်စီးလာသူ နှစ်ဦးထဲမှ ရှေ့မှမောင်းသူက ကားအနီးကပ်ကာ သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်သွားကြောင်း၊ ထိုကိစ္စအတွက် ရဲစခန်းတွင် ပ နံပါတ်/ ၅၀/ ၂၀၁၉ ဖြင့် ပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်က Myanmar Now ကို ပြောသည်။
“အခု ကျွန်တော်တို့ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်။ ကျွန်တော်လည်း အခင်းဖြစ်ရပ် လမ်းကြောင်းကို လိုက်ကြည့်နေပါတယ်။ သူ့ကိုတော့ ဖြစ်ဖြစ်ချင်း ဆေးရုံကို ခေါ်သွားပေမဲ့ သူသေဆုံးသွားပါပြီ” ဟု သူက ဆိုသည်။
အသတ်ခံရသည့် ရှမ်းအမျိုးသား ဦးအားဖာသည် တာချီလိတ်မြို့၏ မြို့မျက်နှာဖုံးတစ်ဦးဖြစ်သည့်အပြင် မြို့နှင့်ပတ်သက်သည့် ပွဲလမ်းသဘင်များ၊ အလှူအတန်းများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် နှမြောတွန့်တိုမှုမရှိ လှူဒါန်းနေသူ ဖြစ်ကြောင်း၊ ယခုလို သူအသတ်ခံလိုက်ရမှုအတွက် မြို့ခံပြည်သူများက ဝမ်းနည်းနေကြကြောင်း တာချီလိတ်မြို့ရှိ မြို့ခံတချို့က ပြောသည်။
ဦးအားဖာသည် တာချီလိတ်မြို့အတွက် ၎င်းလှူဒါန်းမည့် မီးသင်္ဂြိုဟ်စက်တည်ဆောက်ရေးကို သွားကြည့်ပြီးအပြန် ယခုလို သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်တွင် အဆိုပါမီးပွိုင့်ရှိ လုံခြုံရေးကင်မရာ(CCTV) ကလည်း ပျက်နေခြင်း၊ နယ်စပ်မြို့ဖြစ်နေခြင်း၊ လူသတ်သမားများမှာ မျက်နှာကာဆိုင်ကယ်ဦးထုပ်များ ဆောင်းထားခြင်း တို့ကြောင့် တရားခံကို စုံစမ်းဖော်ထုတ်ရန် ခက်ခဲသွားသည်ဟု တာချီလိတ်မြို့ အခြေစိုက် ‘မဇ္ဈိမ’ လူမှုကူညီရေးအသင်း၏ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးတင့်ဆွေက Myanmar Now ကို ပြောသည်။
ဦးအားဖာသည် စက်သုံးဆီလုပ်ငန်း၊ ကျောက်ထုတ်လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ဝ လုပ်ငန်းရှင်များ၊ ထိုင်းလုပ်ငန်းရှင်များနှင့်လည်း ထိစပ်မှုရှိကြောင်း၊ သို့သော် မူးယစ်ဆေးဝါး လုပ်ငန်း လုပ်သည်ဆိုသည့် အမည်ဆိုးတော့မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဘာ့ကြောင့်ဖြစ်သွားရတာလဲတော့ မပြောတတ်ပါဘူးဗျာ။ နောက်ပြီး သူက မိုင်းဖုန်းဆရာတော်ရဲ့ ဒကာအရင်းလည်း ဖြစ်တယ်ဆိုတော့ စဉ်းစားမရဘူး” ဟု ၎င်းကဆိုသည်။