မန္တလေးမြို့တွင် လုပ်ကြံမှုများ ဆက်တိုက်ဖြစ်နေ၊ ရဲနှင့် ရာအိမ်မှူးများ သေဆုံး

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရစဉ် အစောင့်ကျ ရဲတစ်ဦး သေဆုံးကာ အခြားရဲတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

မန္တလေးမြို့ပေါ်ရှိ အထင်ကရလမ်းမတစ်ခုကို ၂၀၂၁ ခုနှစ် အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now) 

မန္တလေးမြို့တွင် စစ်ကောင်စီပစ်မှတ်များကို လုပ်ကြံတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်နေရာ ယမန်နေ့ (မတ် ၂၂) တစ်ရက်တည်း၌ပင် ရဲတစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး သေဆုံးခဲ့သည်။

ယမန်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရစဉ် အစောင့်ကျနေသည့် ရဲတပ်သား ဆန်းဦးဆိုသူ ပွဲချင်းပြီးသေဆုံးကာ ရဲတပ်သားလှခိုင်ဆိုသူလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

“လှခိုင်ဆိုတဲ့ရဲက မျက်စိထိတယ်။ သူက ပုသိမ်ကြီးမြို့နယ်စခန်းကနေ ဒီရုံးမှာ အစောင့်တာဝန် လာကျတာလို့ ပြောကြတယ်။ နောက်တစ်ဦးကတော့ ဖြစ်ကတည်းက မလှုပ်တော့ဘူး ပွဲချင်းပြီးဆုံးတယ်” ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ထိုမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်း – မန္တလေးလမ်းဟောင်းပေါ်ရှိ မြို့နယ်တရားရုံးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခရိုင်အဆင့်တရားရုံးအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုတရားရုံးသည် စစ်ကောင်စီအလိုကျ မတရားဖမ်းဆီး အမိန့်ချနေမှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းထားသည့် AST-MDY ဆိုသော အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့မှာ “အောင်စည်တော်စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်နေရာ ယမန်နေ့၌ပင် ရာအိမ်မှူးနှစ်ဦးကိုလည်း သေနတ်ဖြင့် လုပ်ကြံခဲ့သည်။

အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးစိုးနိုင်နှင့် ဦးဝင်းကိုဆိုသူတို့မှာ ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးမှာ သေနတ်ပစ်ခံရပြီးနောက် ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု မြို့ခံတို့က ဆိုသည်။

ဦးစိုးနိုင်နှင့် ဦးဝင်းကိုမှာ အောင်မြေသာစံမြို့နယ် အမရဌာနနီအရှေ့ရပ်ကွက်၊ အကွက်အမှတ် ၁၉ နှင့် ၁၉/က ရပ်ကွက်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးများဖြစ်ကြောင်း ပစ်ခတ်လုပ်ကြံသည့် AST-MDY အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်များ၌မူ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေလျက်ရှိသည်။

ထိုအဖွဲ့ကပင် ယခုလ ၂၀ ရက်နေ့၌ ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးခန်းကို ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ဒုဦးစီးမှူး ဦးလွှမ်းမိုးဆိုသူ အပါအဝင် ရုံးဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ အောင်စည်တော်စစ်ဆေးရေးဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲနှင့် သတင်းပေးဒလန်ဟု ယူဆရသူများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မန္တလေးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မီတာရုံး၊ ကင်းတဲနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း AST-MDY အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် စစ်ကောင်စီက သံဃာများ၊ ဆရာဝန်နှင့် ရှေ့နေများပါမကျန် သံသယရှိသူမှန်သမျှကို ဖမ်းဆီးထားပြီး မြို့ပြပြောက်ကျားအဖွဲ့များကလည်း မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီက မန္တလေးမြို့အခြေစိုက် တော်လှန်ရေးအဖွဲ့များကို မနားတမ်း ဖမ်းဆီးအရေးယူလျက်ရှိရာ ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၄၀ ထက်မနည်း အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသူတချို့ကို စစ်တပ်က သတ်ဖြတ်အလောင်းစွန့်ပစ်သည့် ဖြစ်စဉ်များလည်း ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ချင်းပြည်နယ် ဟားခါး၊ ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ

တောင်တန်းဒေသရှိ တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီက ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေရာ နှစ်ဖက်ထိခိုက်မှုများရှိနေပြီး ၎င်းတို့ဘက်မှ ၁၁ ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှင့် သာမဏေများ ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျခဲ့ရာ သံဃာနှင့် သာမဏေ ၃ ပါး၊ အရပ်သား ၂ ဦး ထိခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် ၄ ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရသည့်အပြင် လူနေအဆောက်အအုံများလည်း ပျက်စီးသည်။

သီလဝါအထူးစီပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်မဝင်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေယာရောင်းချရသည် မရှိဘဲ လည်ပတ်ဆဲလုပ်ငန်းများမှသာ ဝင်ငွေရှိနေသည်ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၏ မေလ ၂၄ ရက်ထုတ် ဘဏ္ဍာရေးအစီရင်ခံစာက ဆိုသည်။

PDF ၈ ဦး စစ်ကောင်စီလက်အောက် ဝင်ရောက်ဟု ပခုက္ကူ ပကဖ ပြော

မကွေးတိုင်းတွင် အမှုရင်ဆိုင်နေရသည်ဆိုသော PDF အဖွဲ့နှစ်ခုမှ အဖွဲ့ဝင်များ သေနတ် ၄ လက်၊ ကျပ်သိန်း ၂၄၀၀ ကျော် ယူပြီး စစ်ကောင်စီတပ်ထံ ရောက်သွားသည်ဟု သိရသည်။