သတင်း

ကန်ပက်လက်မြို့မှ ရဲဝန်ထမ်းဟောင်း မိုင်းနင်းမိပြီး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ရန်အောင်ရတနာစေတီဝန်းကျင်တွင် ရဲဝန်ထမ်းအငြိမ်းစားတစ်ဦး ယမန်နေ့က မိုင်းနင်းမိပြီး ယနေ့ (ဩဂုတ် ၂၄) တွင် သေဆုံးသွားသည်။

အသက် ၆၀ ဝန်းကျင် ရဲဝန်ထမ်းဟောင်း ဦးလိန်းရွှီသည် ပင်စင်လစာသွားထုတ်ပြီးအပြန် နေ့လယ်ပိုင်း၌ ၎င်းပိုင် စိုက်ခင်းသို့ သွားရာလမ်းတွင် ထိုသို့ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေချင်းဝတ် ပြတ်တောက်ခဲ့သည်ဟု ကန်ပလက်မြို့ခံများထံမှ သိရသည်။ 

ပခုက္ကူမြို့နယ်ဆေးရုံသို့ နေ့တွင်းချင်း ပို့ဆောင်ပေးခဲ့သော်လည်း ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် သေဆုံးသွားကြောင်း ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းက အတည်ပြုသည်။

မိုင်းပေါက်ကွဲသည့် နေရာအနီးတွင်ရှိသော ရန်အောင်ရတနာစေတီနှင့် ကန်ပက်လက်မြို့ရဲစခန်းတို့တွင် စစ်ကောင်စီတပ်များ ၃ လကျော် တပ်စွဲရောက်ရှိခဲ့ပြီး ရန်အောင်ရတနာစေတီအနီး စခန်းချသွားသည့် စစ်ကောင်စီတပ်က ထောင်သည့်မိုင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။ 

“စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့ဆို နီးတယ်။ တစ်မိုင်ရဲ့တစ်ဝက်လောက်ပေါ့ ” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။ 

လူနေရပ်ကွက်အနီး မိုင်းပေါက်ကွဲမှုမှာ စစ်တပ်ထောင်သည့်မိုင်းဖြစ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ချင်းဒေသကာကွယ်ရေးအဖွဲ့ – ကန်ပက်လက် (CDF – Kanpatlat) အနေဖြင့် စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် မိုင်းအသုံးပြုသော်လည်း လူနေရပ်ကွက်အနီး မိုင်းထောင်ခြင်းမရှိဟု CDF (ကန်ပလက်) ၏ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ပြည်သူတွေ သွားတဲ့လာတဲ့လမ်းမှာ၊ ပြည်သူတွေနေတဲ့နေရာနဲ့ မြို့ထဲမှာ လုံးဝ (မိုင်း)မထောင်ဖို့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် သစ္စာပြုထားတာရှိတယ်။ သူတို့(စစ်တပ်)ထိုးစစ်ဆင်လာတဲ့အခြေအနေအရဆိုရင် ဒါကို အသုံးပြုချင်ပြုမယ်။ ဒါပေမဲ့ ထိုးစစ်ဆင်မယ့်အခြေအနေမရှိဘူးဆိုရင် မိုင်းတွေ ပြန်ဖြုတ်ပြီးမှ ပြန်ပြီးသိမ်းဆည်းတာ ရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

နာမည်ကျော် ဝိတိုရိယတောင်ရှိပြီး ယခင်က ခရီးသွားနယ်မြေတစ်ခုဖြစ်သည့် ကန်ပက်လက်မြို့တွင် မိုင်းနင်းမိပြီး အရပ်သားသေဆုံးရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

CDF ကန်ပက်လက်အဖွဲ့က မေ ၁၃ ည၌ ကန်ပက်လက်မြို့ပေါ်ရှိ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

ထို့နောက် မေလကုန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စခန်းအနီး မိုင်းထောင်ထားမှုများ ရှိလာသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ချင်းပြည်နယ်တွင် ယခင်က စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ရာ ပလက်ဝမြို့မှအပ ကျန်မြို့နယ်များတွင် ငြိမ်းချမ်းခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖိနှိပ်လာမှုများကြောင့် ချင်းဒေသခံတို့သည် လက်နက်ကိုင်ကာ ပြန်ခုခံကြသည်။

ယင်းခုခံမှုတွင် ကန်ပက်လက်မြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး CDF ကန်ပက်လက်သည် စစ်ကောင်စီတပ်ကို ပြန်တိုက်ခိုက်နေသည်။ 

ကန်ပက်လက်မြို့တွင် ပြီးခဲ့သည့် သြဂုတ် ၁၅ ကလည်း စစ်သားများ၏ ပစ်ခတ်မှုကြောင့် နေအိမ်တွင်းရှိ အမျိုးသားတစ်ဦးနှင့် ၎င်း၏ ၄ နှစ်အရွယ် ကလေး ကျည်ဆန်ထိမှန်ခဲ့သည်။

ဇွန် ၂၃ က စစ်တပ်နှင့် CDF-မင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် မင်းတပ်မြို့နယ်၊ ယှက်ရွာတွင် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦး မိုင်းထိပြီး သေဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၉ ထိ ၉ နှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိကြောင်း ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၀ ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ၂၀၁၉ တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးမှာ ထိုစဉ်က တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖြစ်ပြီး သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၂၆၉ ဦးရှိသည်။

လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button