
(The Asia Times အင်တာနက်စာမျက်နှာမှ The truth behind Myanmar’s Rohingya insurgency ဆောင်းပါးကို အောင်ခင် ဆီလျော်အောင် ဘာသာပြန်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့်သဘောထားမဟုတ်ပါ။ သုံးသပ်ချက်ဆောင်းပါးကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးခြင်းသာ ဖြစ်သည်။)
ရန်ကုန်၊ အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ် (ARSA) က သူတို့ဟာ တခြား တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလိုပဲ နိုင်ငံတွင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် မသတ်မှတ်သင့်ကြောင်း ပြောဆိုနေပေါတယ်။ တကယ့်ဖြစ်စဉ်ကတော့ သူတို့ပြောတာနဲ့ တခြားစီပါပဲ။
နယ်မြေပိုင်ဆိုင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ဒီအဖွဲ့ဟာ စနစ်တကျလက်နက်တပ်ဆင်ထားခြင်း မရှိဘူး ဆိုတာ မြန်မာ့တပ်မတော်က ပြခဲ့ပြီးပါပြီ။ ကချင်၊ ရှမ်း၊ ကရင်၊ မွန် အစရှိတဲ့ ဒေသတွေက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေမှာတော့ အဖွဲ့ရဲ့ အမည်၊ အမှတ်အသား၊ ရာထူး စတာတွေကို ထင်ထင်ရှား ရှား ဖော်ပြထားတဲ့ ယူနီဖောင်း ရှိကြပါတယ်။
ARSA အဖွဲ့ဝင်တွေဟာ ရွာသားတွေနဲ့ရောနှောနေပြီး အရပ်သားတွေလိုပဲ ဝတ်ဆင်ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေကို စွမ်းရည်မပြည့် နည်းလမ်းတွေသုံး၊ ပစ်မှတ်ထား တိုက်ခိုက်ပြီး နောက်မှာတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ အဲဒီ ဒေသမှာနေထိုင်သူတွေက သူတို့နဲ့ ဘာသာစကား၊ ကိုးကွယ်မှုတူကြပါတယ်။
သူတို့ရဲ့ ဒီလိုဆောင်ရွက်မှုတွေဟာ အခြား မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို မဟုတ်ဘဲ မလေးရှား-ထိုင်းနယ်စပ် မွတ်စလင်သူပုန်တွေရဲ့လုပ်ရပ်နဲ့ ပိုပြီး တူသွားပါတယ်။
နီပေါနဲ့ အိန္ဒိယနိုင်ငံတွေက မော်သူပုန်တွေနဲ့ အယူဝါဒချင်း မတူပေမယ့် သူတို့ရဲ့ တိုက်ခိုက်ပုံနည်းလမ်းတွေကို ပုံတူကူးပါတယ်။ မြန်မာစစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်တာတွေ မလုပ်ဘဲ နီပေါက မော်သူပုန်တွေ တိုက်ခိုက်ခဲ့တဲ့ပုံစံမျိုး၊ အိန္ဒိယက လက်ရှိ နက်ဆယ်လိုက် (Naxalite) သူပုန်တွေ လုပ်ဆောင်သလိုမျိုး လက်နက်မရှိတဲ့ ရွာသားတွေကို စည်းရုံးပြီးတော့ ညဉ့်နက်ပိုင်းမှာ အစိုးရပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာပါ။
နယ်စွန်နယ်ဖျားမှာရှိတဲ့ အင်အားနည်း လုံခြုံရေးစခန်းတွေကိုလူအမြောက်အမြားနဲ့ ဝိုင်း၊ ရဲနဲ့ စစ်သားတွေကို ဝင်တိုက်၊ လက်နက်တွေကိုယူပြေးပါတယ်။ တောင်အာရှနဲ့ အခြားနိုင်ငံတွေမှာ မြင်တွေ့နေကျ ဒီလို တိုက်ခိုက်မှုပုံစံကို မြန်မာနိုင်ငံမှာ စပြီး တွေ့လာရပါပြီ။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း သူပုန် ၄ဝဝ လောက် သေဆုံးသွားပြီလို့ မြန်မာစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဲဒီလူတွေအားလုံး နီးပါးဟာ တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ ဆွဲသွင်းခံခဲ့ရတဲ့ ရွာသားတွေ ဖြစ်နိုင်ခြေများပါတယ်။
လုံခြုံရေးဆိုင်ရာအကဲဖြတ်သူတွေကတော့ ARSA အဖွဲ့မှာ လူဒီလောက်အထိ သေဆုံး သွားမယ်ဆိုရင် ဒီအဖွဲ့တစ်ခုလုံး ကျန်တော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
အဖွဲ့ဝင် အရေအတွက်ဟာ အဲဒီအဖွဲ့နဲ့ မြန်မာစစ်တပ်ကထုတ်ပြန်ထားတဲ့ပမာဏထက် အများကြီး နည်းတယ်လို့ အကဲခတ်တချို့က ခန့်မှန်းကြပါတယ်။ သူတို့နဲ့ နီးစပ်သူတွေဆီက သိရတာကတော့ ARSA ရဲ့ အင်အားဟာ ထောင်ဂဏန်းအထိမရှိဘဲ ရာဂဏန်းလောက်သာရှိပြီး စစ်ရေးလေ့ကျင့်မှု သေသေချာချာ ရထားသူအရေအတွက်ကလည်း ၅ဝဝ ထက် မပိုဘူး ဆိုတာပါပဲ။
စစ်အင်အား နည်းပါးပေမယ့် သူတို့ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကတော့ ကျယ်ပြန့်ပါတယ်။ အံ့သြစရာကောင်းအောင် ချောမွေ့တဲ့ အင်္ဂလိပ်စာ အရေးအသားတွေနဲ့ တွစ်တာ၊ လူမှုမီဒီယာတွေမှာ ကြေညာချက်တွေ ထုတ်ပြန်ပြီး သူတို့အဖွဲ့အစည်းဟာ အစွန်းမရောက်ကြောင်း၊ မှန်ကန်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း သတင်းတွေ ဖြန့်ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ ARSA ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကို အကူအညီပေးရေး အဖွဲ့အစည်းများ သွားနိုင်ဖို့၊ ဒီဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ သူတို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု တစ်လကြာ ရပ်စဲကြောင်း ဖော်ပြထားပါတယ်။ သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်ရဲ့ လက်တုံ့ပြန်မှုတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ အရပ်သား အရေအတွက် ၄ သိန်းကျော်သွားပြီလို့ အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။
စနစ်တကျဖွဲ့စည်းထားခြင်းမရှိဘဲ အင်အားအနည်းငယ်သာရှိတဲ့ အဲဒီအဖွဲ့ရဲ့ကြေညာချက်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုလွန်းတယ်လို့ ဆိုရမှာပါ။ တိုက်ခိုက်မှုအများအပြားမှာ လက်နက်အဖြစ် ဓားတွေကိုပဲ သုံးခဲ့ကြပါတယ်။ အင်အားကြီးတဲ့မြန်မာစစ်တပ်ကို လူဦးရေနည်းနည်း၊ လက်နက်လည်းမပြည့်စုံနဲ့ တိုက်နေတာဟာ ရိုဟင်ဂျာတွေကို ဘယ်လိုကာကွယ် ပေးနိုင်မလဲ ဆိုတာ ARSA အဖွဲ့က ရှင်းမပြနိုင်ခဲ့ပါဘူး။
ရိုဟင်ဂျာတွေ၊ လူနည်းစုအုပ်စုတွေ နေထိုင်တဲ့နေရာများမှာ မြန်မာစစ်တပ်က လူမျိုးရေးရှင်းလင်းမှုတွေ လုပ်ဖို့ အကြောင်းပြချက်ရသလို ဖြစ်သွားတဲ့အတွက် ဒေသခံတွေက ဒီအဖွဲ့ကို ဒေါသထွက်နေတယ်လို့ Asia Times က သတင်းရရှိပါတယ်။
ဒီအဖွဲ့ကတော့ သူတို့ဟာ အယ်လ်ကိုင်ဒါး၊ ISIS, Lashkar-e-Taiba နဲ့ အခြားနယ်စပ်ဖြတ်ကျော် အကြမ်းဖက်အဖွဲ့ အစည်း တွေနဲ့ ပတ်သက်မှုမရှိကြောင်း စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်မလာစေရေးနဲ့ လက်ရှိအခြေအနေကို ပိုဆိုးမသွားအောင် ကာကွယ်ဟန့်တားရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြောင်း ARSA က ကမ္ဘာ့နိုင်ငံတွေကို အသိပေးခဲ့ပါတယ်။
လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေနဲ့ အကြမ်းဖက်ဝါဒနယ်ပယ် ကျွမ်းကျင်သူတွေကတော့ ARSA ဟာ ပါကစ္စတန်အပါအဝင် အခြားနိုင်ငံက အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူးဆိုတာ မယုံကြည်ပါဘူး။
ARSA ရဲ့ ခေါင်းဆောင် အတူလာအဘူအမ်မာဂျန်ဂျန်နီခေါ် ဟာဖစ်တိုဟာဆိုသူဟာ ကရာချိမြို့မှာမွေးပြီး ဆော်ဒီအာရေဗျနိုင်ငံက အစ္စလာမ်ဘာသာကျောင်းမှာ ပညာသင်ယူခဲ့သူပါ။
ရိုဟင်ဂျာ ပထမ၊ ဒုတိယ၊ တတိယ မျိုးဆက်တွေ သိန်းနဲ့ချီပြီး အိုရန်ဂီ၊ ကိုရန်ဂီ၊ လန်ဒီနဲ့ ကရာချိမြို့စွန်တွေက နွမ်းပါးတဲ့ အရပ်တွေမှာနေခဲ့ကြတယ်။ ပါကစ္စတန်မှာ နှစ်ပေါင်းများစွာနေခဲ့၊ အများစုဟာ အဲဒီမှာပဲ မွေးဖွားကြီးပြင်းခဲ့တာ့ပါ။ ဒါပေမယ့် သူတို့အားလုံးနီးပါးဟာ နိုင်ငံမဲ့တွေပါ။ အဲဒီဒေသဟာ အစွန်းရောက်လှုပ်ရှားမှုတွေ အထိုင်ချတဲ့နေရာဖြစ်ပြီး သူတို့ထဲက အရည်အချင်းရှိသူ တချို့ကိုတော့ အာဖဂန်နစ္စတန်စစ်ပွဲတွေအတွက် စုဆောင်းခေါ်ယူသွားခဲ့ပါတယ်။
ARSA ရဲ့ မူလအမည်က Harakah al-Yaqin ခေါ် The Faith Movement ဖြစ်ပါတယ်။ ဒီနာမည်မှာ ဘာသာရေးစကားလုံးက နောက်ဆက်တွဲ ဂယက်အနက် ပါနေတာ ထင်ရှားပြီး ရိုဟင်ဂျာဆိုတဲ့ စကားလုံး၊ အာရကန် (ရခိုင်) ဆိုတဲ့ စကားလုံးတွေ မပါဝင်တာ တွေ့နိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးရေးနဲ့ ပိုသက်ဆိုင်တဲ့ သဘောဖြစ်အောင် ARSA ဆိုတာကို ပြီးခဲ့တဲ့ နှစ်လောက်ကမှစပြီး သုံးလာတာကို တွေ့ရတယ်။ သူတို့ လှုပ်ရှားမှုရဲ့ အစဇာစ်မြစ်နဲ့ ခပ်ခွာခွာဖြစ်အောင် ဆောင်ရွက်မှုလည်း ဖြစ်နိုင်ပါတယ်။
ထောက်လှမ်းရေးအချက်အလက်ကျွမ်းကျင်သူတွေအဆိုအရ ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဟ ရိုဟင်ဂျာနွယ်ဖွား ပါကစ္စတန်တစ်ဦးဖြစ်တဲ့ အဒူကာဒိုဘာမီဖြစ်ပါတယ်။ သူလည်း ကရာချိမှာပဲ အခြေချနေထိုင်သူပါ။ လူမှုမီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ သူက မြန်မာနိုင်ငံအတွင်း ဂျီဟတ်ဆင်နွှဲဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင်သူဟာ Lashkar-e-Taiba ခေါ် Army of the Righteous အဖွဲ့နဲ့ အဆက်အသွယ်ရှိကြောင်း ခိုင်ခိုင်မာမာအထောက်အထား တွေရှိပါတယ်။ ဒီအဖွဲ့ကြီးဟာ တောင်အာရှရဲ့ အင်အားအကြီးဆုံး အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပါကစ္စတန်မှာ အဓိက အခြေစိုက် လှုပ်ရှားတာပါ။ အဲဒီအဖွဲ့ကို အယ်လ်ကိုင်ဒါးအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ အာဖဂန်နစ္စတန်မှာ ၁၉၈၇ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ အဒူကာဒိုဘာမီကို Lashkar-e-Taiba အဖွဲ့ရဲ့ အဓိပတိ ဟာဖစ်မိုဟာ မက်ဆာယက်နဲ့အတူ အစည်းအဝေး အတူတက်ခဲ့တဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
ARSA အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ကတော့ ရှာယစ်ဖြစ်ပြီး သူကတော့ သိပ်ပြီး ထင်ပေါ်ကျော်ကြားမှု မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်အနောက်ပိုင်းကလာသူတစ်ဦးဖြစ်တဲ့ သူ့ကို အဖွဲ့ရဲ့ ဝါဒဖြန့်ချိရေး ဗီဒီယိုတွေထဲမှာတော့ မတွေ့ရပါဘူး။ ပါကစ္စတန်ရဲ့ ရုံးသုံးဘာသာစကား အူရဒူလေသံနဲ့ စကားပြောသူလို့ ဆိုပါတယ်။
ARSA အဖွဲ့ဟာ စိတ်ဆိုးလွယ်ပြီး ဘာမှသိပ်မစဉ်းစားကြတဲ့ ရိုဟင်ဂျာလူငယ်တွေကို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရှာဖွေစုဆောင်းနိုင်ခဲ့ဟန်ရှိပါတယ်။ လုံခြုံရေးဆိုင်ရာ သုံးသပ်သူတွေက အဲဒီအဖွဲ့ထဲမှာ ၁၅ဝ လောက်ကတော့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ခန့်မှန်းကြတာပါ။ အများစုဟာဘင်္ဂလားဒေ့ရှ်ကဖြစ်တယ်၊ ပါကစ္စတန်ကလာတာ ၈ ယောက်ကနေ ၁ဝ ယောက်အထိ ရှိတယ်၊ တချို့တွေကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတောင်ပိုင်းက ဖြစ်တယ်၊ ၂ ယောက်ကတော့ ဥဇဘက်ကစ္စတန်ကဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလုပ်တဲ့ သင်တန်းတွေကိုတော့ အာဖဂန်စစ်ပွဲမှာ ပါဝင်ခဲ့ဖူးသူတွေက ပို့ချတယ်လို့ သိရပါတယ်။
သြဂုတ် ၂၅ ရက်နေ့က နေရာအများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဟာ စနစ်တကျ ကြိုတင်စီစဉ်ထားမှုဆိုတာ ထင်ရှားပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်စဉ်မတိုင်မီ ရှေ့လတွေတုန်းကလည်း မြန်မာအစိုးရရဲ့ သတင်းပေးတွေဆိုပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ၅ဝ လောက် လည်လှီး သို့မဟုတ် ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီနယ်မြေမှာ မြန်မာစစ်ထောက်လှမ်းရေးတွေ သတင်းမရနိုင်အောင် လုပ်ဆောင်ခဲ့တာပါ။
လက်ရှိပေါ်ပေါက်နေတဲ့ မတည်မငြိမ်အခြေအနေတွေကြောင့် ARSA ရဲ့ တောင်းဆိုထားမှုတွေ ဖြစ်လာဖို့ မလွယ်ပါဘူး။ တိုက်ခိုက်မှုတွေ ထပ်ပြီးဖြစ်ပွားလာနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။
အင်ဒိုနီးရှားနိုင်ငံ အစ္စလာမစ်အုပ်စုတွေက ဖြန့်လိုက်တဲ့ ဗီဒီယိုတွေမှာ ရခိုင်ပြည်နယ်အတွင်း ဂျီဟတ်ဆင်နွှဲဖို့ အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းမြောက်ပိုင်းက အာချေးအရပ်မှာ လူငယ်တွေကို စစ်သင်တန်းပေးနေတာ ပါရှိပါတယ်။ ရိုဟင်ဂျာတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဘင်္ဂလားဒေ့ရှ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီကို ဒုက္ခသည်အမြောက်အမြားရောက်ရှိသွားခြင်းဟာ လက်ရှိအာဏာရ အာဝါမီအဖွဲ့ချုပ်ပါတီအပေါ် အတိုက်အခံ ပါတီရဲ့ ထိုးနှက်ကွက်တစ်ခု ဖြစ်လာစေပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က ARSA နဲ့ လုံခြုံရေးတပ်ဖွဲ့အကြား တိုက်ခိုက်မှုတွေအပြီး စစ်တပ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် ရဝ,ဝဝဝ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်သွားပါတယ်။ စက်တင်ဘာ ၂၅ တိုက်ခိုက်မှုကြောင့် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်လာမှာကို ARSA အနေနဲ့ ထည့်သွင်းမစဉ်းစားဘဲ နေမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ARSA ရည်ရွယ်ချက်က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့လို့ ဆိုထားပေမယ့် သူတို့ရဲ့ လုပ်ရပ်ကြောင့် ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။ သူတို့အနေနဲ့ကတော့ နောက်ဆက်တွဲ ပြန်လည်ရင်ဆိုင်ရမှာတွေကို တွက်ချက်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို နိုင်ငံတကာက အာရုံစိုက်လာပါတယ်။
အာရပ်နဲ့မွတ်စလင်ကမ္ဘာက ထောက်ပံ့မှုတွေပေးဖို့ အလားအလာကောင်းတွေ ရှိလာပါတယ်၊ ဒေါသထွက် ပေါက်ကွဲနေတဲ့ လူငယ်တွေကို အကြမ်းဖက်လုပ်ငန်းတွေအတွက် စည်းရုံး သိမ်းသွင်းနိုင်ပါလိမ့်မယ်။
အောက်ခြေမှာ ထုထည်ကြီးစွာရှိနေတဲ့ ပြဿနာတွေကြောင့် ပေါ်ပေါက်လာရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ရိုဟင်ဂျာတွေ၊ နေအိမ်တွေ ဖျက်ဆီးခံရလို့ ထွက်ပြေးလာခဲ့ရသူတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက စုတ်ပြတ်နုံချာတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူတွေ၊ နှစ်နိုင်ငံအကြားမှာရှိတဲ့ ငရဲဘုံတမျှ ဒုက္ခပင်လယ်ဝေနေတဲ့ နေရာတွေမှာ လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြုမခံရသူတွေပဲ ဖြစ်ပါလိမ့်မယ်။