သတင်း

ခြောက်လအတွင်း စစ်တပ်ပိုင် မြန်မာဘီယာရောင်းအား ၂၈ ရာခိုင်နှုန်း ကျဆင်း

ကိုဗစ်နိုင်တင်းရိုက်ခတ်မှုနှင့် စစ်တပ်ပိုင်ဘီယာလုပ်ငန်းကို သပိတ်မှောက်ခြင်းကြောင့် ၂၀၂၁ ပထမခြောက်လအတွင်း မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery Ltd ၏ ရောင်းအား ၂၈ ရာခိုင်နှုန်း၊ ကျပ် ၁၅၀ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၃ သန်း) ကျဆင်းသွားကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ဩဂုတ် ၁၀ တွင် ဖော်ပြသည်။

ယခုနှစ်ကုန်တွင် ဝင်ငွေ ကျပ် ၄၈၉ ဘီလျံရရှိနိုင်သည့် ခန့်မှန်းချက်ကို ကျပ် ၂၉၀ ဘီလျံသို့ လျှော့ချလိုက်ပြီး ပုံမှန်အမြတ်ငွေ ကျပ် ၂၀၂ ဘီလျံကိုလည်း ၈၇ ဘီလျံသာရမည်ဟု သတ်မှတ်ကြောင်း Myanmar Brewery Ltd တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်သည့် Kirin Holding ကုမ္ပဏီကို ကိုးကား၍ အထက်ပါ ဂျပန်သတင်းဌာနက ရေးသည်။

Myanmar Brewery Ltd တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) နှင့် ဂျပန်အခြေစိုက် Kirin Holding တို့က ရှယ်ယာများပိုင်ဆိုင်ပြီး မြန်မာဘီယာ၊ Andaman Gold နှင့် Black Shield စသည့်ဘီယာတို့ကို ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုမဖြစ်စေရန် Myanmar Brewery Ltd ထုတ် ဘီယာအမှတ်တံဆိပ်များကို စားသောက်ဆိုင်အများအပြားက မရောင်းချတော့သည့်အပြင် အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူအများစုကလည်း အဆိုပါဘီယာများကို မသောက်ဘဲ သပိတ်မှောက်နေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးခါစ ကိုဗစ်တတိယလှိုင်းမတိုင်မီတွင် ဘီယာဆိုင်များဖွင့်လှစ်ရောင်းချမှုရှိခဲ့ပြီး ဆိုင်ထိုင်သောက်သုံးသူများမှာ Myanmar ဘီယာအစား Tiger ဘီယာကို ရွေးချယ်ကြသည်ကို သတိပြုမိကြောင်း ရန်ကုန်မြို့ သာကေတမြို့နယ်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုသည်။

“(စစ်ကောင်စီက) ဘီယာနဲ့ ပတ်သက်ပြီးတော့ ဝင်ငွေလျော့သွားပေမယ့် တခြားသော ဝင်ငွေတွေရှိနေတာပဲ။ အလုံးစုံကိုတော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် ဘီယာနဲ့ ပတ်သက်ပြီးတော့ ဝင်ငွေတော်တော်များများ ထိခိုက်သွားမှာတော့ ကျိန်းသေတယ်” ဟု  မြန်မာဘီယာကို ကိုယ်တိုင်သပိတ်မှောက်ထားသည့် အထက်ပါ လူငယ်က ပြောသည်။

မြို့ကြီးများသာမက နယ်မြို့များတွင်လည်း မြန်မာဘီယာသောက်သုံးမှုလျော့ကျလာပြီး ဈေးကွက်ရေစီးအရ ထိုအမှတ်တံဆိပ်ကို မရောင်းချတော့ကြောင်း ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ Y7 စားသောက်ဆိုင်ပိုင်ရှင် ကိုသားကြီးက Myanmar Now ကို ပြောသည်။

“Customer(စားသုံးသူ) အချို့လည်း မသောက်ကြ‌တော့ဘူး။ မသောက်ကြတော့ ကျွန်တော်တို့လည်း မတင်ဖြစ်ဘူး။ တင်တော့လည်း အလကားပဲ။ မရောင်းရတော့ ဘာထူးမှာလဲ။ မြို့ပေါ်လာသောက်တဲ့ Customer တွေရှိတယ်။ ဧည့်သည်တွေရှိတယ်။ သူတို့ကလည်း မတင်ပါနဲ့ဆိုပြီး တောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။

ဆိုင်အချို့ကမူ မြန်မာဘီယာမရောင်းချသော်လည်း Myanmar Brewery Ltd ထုတ် အခြားအမှတ်တံဆိပ်ဘီယာများကို ရောင်းချကြောင်း ကိုသားကြီးထံမှ သိရသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်ဆောင်ရွက်မှုကို ရပ်တန့်ရုံမှလွဲ၍ အခြားမရှိကြောင်း Kirin ကုမ္ပဏီက ကြေညာခဲ့သော်လည်း တိုးတက်မှုမရှိကြောင်း၊ ဦးပိုင်၏ ရှယ်ယာကို Kirin သို့မဟုတ် စစ်တပ်နှင့် မပတ်သက်သည့် အခြားပြည်တွင်းကုမ္ပဏီတစ်ခုကို ရောင်းချပေးရန် ဦးပိုင်ထံ မေးမြန်းမည့် အစီအစဉ်ရှိသော်လည်း တရားဝင်မဆွေးနွေးရသေးကြောင်း Nikkei Asia သတင်းတွင် ဖော်ပြသည်။

“လက်ရှိကာလမှာ မြန်မာက ထွက်ခွာသွားဖို့ မစဉ်းစားရသေးပါဘူး။ (ဖက်စပ်ဆောင်ရွက်မှုကို ရပ်တန့်ဖို့) ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာ ကိုဗစ်နိုင်တင်းကြောင့် ရှေ့ဆက်ဖို့ ခက်ခဲနေပါတယ်” ဟု Kirin ၏ အကြီးတန်းအမှုဆောင်အရာရှိ Toru Yoshimura က ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်နွှယ်သည့် ပြည်ပကုမ္ပဏီများသည် မရေရာမှုများနှင့် အရှုံးပြနေပြီး Kirin Holding ကုမ္ပဏီသည် မြန်မာဘီယာလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၉၂ သန်းအရှုံးပေါ်ခဲ့ကြောင်း Nikkei Asia သတင်းက ဆိုသည်။

စီးပွားရေးဝန်းကျင်မရေရာမှုမြင့်မားခြင်း၊ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကသောင်းကနင်းအခြေအနေနှင့် တိုင်းပြည်တွင် အန္တရာယ်မြင့်မားလာခြင်းကြောင့် ယင်ကဲ့သို့ ဆုံးရှုံးရခြင်းဖြစ်သည်ဟု Kirin Holding ကုမ္ပဏီ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ 

စစ်တပ်၏ အဓိကစီးပွားရေးအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်က ပစ်မှတ်ထားပိတ်ဆို့ထားပြီး ဗြိတိန်ကလည်း ဦးပိုင်လီမိတက်ကို အရေးယူကြောင်း ကြေညာထားသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးကလည်း မြန်မာစစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်များကို ပစ်မှတ်ထားအရေးယူမည်ဟု ၎င်း၏ မတ် ၂၅  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Myanmar Brewery Ltd  လျော့နည်းသွားသည့် ရောင်းအားသည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းပို့ကုန် ရငွေပမာဏနီးပါးရှိသည်။

Show More

Related Articles

Back to top button