အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်နယ်ပါတီဥက္ကဋ္ဌ ဓားထိုးခံရ၍ သေဆုံး

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေထူထောင်ထားသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ ကယားပြည်နယ်ဥက္ကဋ္ဌ ဦးဟန်သာမှာ ယမန်နေ့ (ဩဂုတ် ၁၃) မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နေအိမ်တွင် ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

အသက် ၇၀ အရွယ် ဦးဟန်သာမှာ လည်ပင်းတွင် ဓားထိုးဒဏ်ရာ ၃ ချက်နှင့် ဗိုက်တွင် ၁ ချက်ဖြင့် အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်ဆေးရုံကြီးရင်ခွဲရုံသို့ ရုပ်အလောင်းပို့ဆောင်ပေးခဲ့သည့် ရွှေလွိုင်ကော်ပရဟိတအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်နေ ဦးဟန်သာ၏ နေအိမ်သို့ တီဗီပြင်ရန်ဟုဆိုကာ လူလေးဦးရောက်ရှိလာပြီးနောက် ဓားဖြင့် သတ်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“ရဲတွေက အဲဒီခြံရှေ့မှာ ရောက်နေပြီပေါ့နော်။ ကြမ်းပြင်မှာတော့ သွေးတွေမြင်တယ်။ အလောင်းကတော့ မရှိတော့ဘူး၊ သယ်သွားပြီထင်တယ်” ဟု အခင်းဖြစ်ပြီးအခြေအနေအပေါ် အထက်ပါ အမျိုးသမီးက ပြောပြသည်။ 

NDF ပါတီ၏ ပြည်ဥက္ကဋ္ဌမှာ မည်သည့်အကြောင်းဖြင့် သတ်ဖြတ်ခံရသည်ကို မသိရသေးဘဲ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဦးဟန်သာသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။

NDFကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ခွဲထွက်သွားသည့် ဦးခင်မောင်ဆွေက ၂၀၁၀ မတိုင်မီ ထူထောင်ခဲ့ခြင်းဖြစ်သည်။ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ဖူးသည်။

စစ်တပ်နှင့် နီးကပ်စွာ တွေ့ရလေ့ရှိသည့် ၃၄ ပါတီတက်ရောက်သည့် ထိုတွေ့ဆုံပွဲတွင် စစ်အာဏာသိမ်းရန် တိုက်တွန်းမှုများရှိခဲ့သလို မလုပ်ရဲတာမရှိဟုပင် တပ်ချုပ်က ပြောခဲ့သည်အထိ အတိုင်အဖောက်ညီခဲ့ကြသည်။

ထို့နောက် NLD သာ ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် တပ်ချုပ်နှင့် တွေ့ခဲ့ရာတွင် ပါဝင်ခဲ့သူ ဦးခင်မောင်ဆွေမှာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။

ကယားပြည်နယ် လွိုင်ကော်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းကလည်း စစ်ကောင်စီ သတင်းပေးဒလန်ဟု စွပ်စွဲခံရသူ ကြည်သာယာရပ်ကွက်နေ ဦးမြင့်သိန်းမှာ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button