
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ မြို့မရဲစခန်းတွင် ယမန်နေ့( ဩဂုတ် ၁၀) ညပိုင်း၌ ကင်းလှည့်ရန် တန်းစီနေသည့် ရဲအချင်းချင်း ရန်ဖြစ်စဉ် ဝင်ရောက်ဖျန်ဖြေသူ ဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ည ၈ နာရီခန့်တွင် ရဲတပ်သား ရန်နိုင်ထွန်း၊ ဒုတပ်ကြပ် တင့်နိုင်ထွန်း၊ ရဲတပ်သား နိုင်လင်းဦးတို့ ၃ ဦးတို့ ရန်ဖြစ်နေသည်ကို ဒုတပ်ကြပ်လှမင်းကျော်က ဝင်ရောက်ဖျန်ဖြေခဲ့ရာ ရဲတပ်သား ရန်နိုင်ထွန်းက ၎င်းလက်ထဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။
သေနတ်သံ အနည်းဆုံး ၄ ချက်ခန့် ကြားရပြီး လူနာတင်ကားရောက်လာကာ အလောင်းကို သယ်ယူသွားကြောင်း မျက်မြင်ဖြစ်သော ဒေသခံအမျိုးသားက ဆိုသည်။
“မူးနေကြတာ။ တန်းစီချိန် မူးနေပြီး ရန်ဖြစ်တာ။ (အပစ်ခံရသူက) အဆုတ်ထိသွားတာပါ”ဟု ၎င်းက ဆိုသည်။
ဒုတပ်ကြပ်လှမင်းကျော်၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၁၁) မွန်းတည့် ၁၂ နာရီခန့်တွင် စဉ့်ကိုင်မြို့သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သားရန်နိုင်ထွန်းအပါအဝင် ၃ ဦးကို ကျောက်ဆည်မြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု ကြားသိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ထိုကဲ့သို့အလားတူဖြစ်ရပ်များ ကျူးလွန်ခဲ့ကြသည်။
ဇွန် ၁၂ ညပိုင်း၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ ခရိုင်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း သောက်စားရင်း ပစ်ခတ်မှုဖြစ်ခဲ့ရာ ဒုရဲအုပ်တစ်ဦး ရင်ဘတ်ကျည်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က ကန့်ဘလူခရိုင်ရဲစခန်းတွင် ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် အနီးအနားရှိ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်းကလည်း ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်သည်အထင်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောခဲ့သည်။