
ယမန်နေ့ (ဩဂုတ် ၉) မွန်းလွဲပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာမြောက်ဘက်တွင် ကိုဗစ်ကာလအတွက် ဖွင့်ထားသော စစ်ဆေးရေးဂိတ်သို့ အရပ်ဝတ်လက်နက်ကိုင်များ ကားဖြင့် ရောက်လာကြပြီး တာဝန်ကျ ရွာသား ၄ ဦးကို ရိုက်နှက်စစ်ဆေးကာ ၁ ဦးကို ပစ်သတ်သွားသည်။
လက်နက်ကိုင် ၆ ဦးက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင် ကိုဆန်းကိုအကြောင်း မေးမြန်းခဲ့ကြောင်း ကာယကံရှင်များကို ကိုးကား၍ ရွာသားတစ်ဦးက ဆိုသည်။
“နောက်ပြန်ကြိုးတုပ်ပြီး မေးတာလို့ပြောတာပဲ” ဟု အဆိုပါရွာသားက ပြောသည်။
ဂိတ်တာဝန်ကျသူများအနက် ၄၁ နှစ်အရွယ် ရေနံမှော်လုပ်သား ဦးအောင်ဇေယျ ပစ်သတ်ခံသည်ဟု သူ၏ အစ်ကိုဖြစ်သူ ဦးဝင်းနိုင်က Myanmar Now ကို ပြောသည်။
“ကြိုးနဲ့တုပ်ပြီးတော့ ကားပေါ်တင်တယ်။ ဆန်းကိုရဲ့အစ်ကို မင်းမင်းကို ကြိုးနဲ့တုပ်ဖို့ လုပ်နေတုန်းမှာ အောင်ဇေယျက ထွက်ပြေးသွားတယ်။ သူ့ကို (လက်နက်ကိုင်) သုံးယောက်က လိုက်တယ်။ သူက ထွက်ပြေးတော့ သူ့ကို (ပစ်တာ) မှန်သွားတယ်။ ကားကလည်း တောက်လျှောက်ပြန်မောင်းသွားတယ် ” ဟု ၎င်းက ဆက်ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ ဟန့်တားရေးကာလအတွင်း ဒေသခံအများစုက အိမ်တွင်းမှာပင် နေထိုင်နေကြသောကြောင့် ယမန်နေ့က ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့သည် မည်သည့်အဖွဲ့ဖြစ်သည်ကို မသိကြကြောင်း ဦးဝင်းနိုင်က ဆိုသည်။
နယ်မြေရဲစခန်းတာဝန်ရှိသူတို့ လာရောက်စစ်ဆေးအပြီး ကိုအောင်ဇေယျ၏ ရုပ်အလောင်းကို ပခုက္ကူမြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဆရာဝန်စစ်ဆေးမှုပြီးစီးပါက သင်္ဂြိုဟ်ရန် ရွာသို့ အလောင်းပြန်သယ်ယူခွင့်ပြုထားကြောင်း အစ်ကိုဖြစ်သူ ဦးဝင်းနိုင်ထံမှ သိရသည်။
ရွာသား ၃ ဦးကို လက်နက်ကိုင်များက ခေါ်ဆောင်မသွားဘဲ ထားခဲ့ကြောင်း သိရသည်။
၎င်းတို့ လာရောက်ရှာဖွေသည့် အသက် ၂၂ နှစ်အရွယ် ကိုဆန်းကိုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သူဖြစ်သည်။ ၎င်း၏ဖခင် စစ်မှုထမ်းဟောင်းမှာ လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သည်။
ဖခင်ဖြစ်သူက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သော်လည်း ကိုဆန်းကိုနှင့် ဆွေမျိုးနီးစပ်တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ ဖြစ်ကြကြောင်း နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။
လက်နက်ကိုင်တို့က ရွာအတွင်း NLD ဆိုင်းဘုတ်တင်ထားသည့် ကိုဆန်းကို၏ ဆွေမျိုးအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်းလည်း ထိုရွာသားက ဆက်ပြောသည်။
လက်နက်ကိုင်တို့မှာ ပျူစောထီးအဖွဲ့မှ ဖြစ်နိုင်သည်ဟုလည်း ရွာသားတချို့က ယူဆနေသည်။
ထိုဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပိုမိုသိရှိနိုင်ရန် မြိုင်မြို့ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။