သတင်း

PDF များကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်များကို စစ်ကူတောင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့များကို စစ်ကူတောင်းထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရတခ)မှ လက်နက်အပြည့်အစုံဖြင့် စစ်ကား ၇ စီးသည် ယမန်နေ့ (ဩဂုတ် ၇) နံနက်ပိုင်းတွင် ပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ မတ်ကျန်းပြည်သူ့စစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး စစ်ကူတောင်းခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဆန္ဒပြပွဲကလည်း ငြိမ်နေပြီ။ တောင်ကြီးမှာလည်း မရှိဘူး။ ရှမ်းပြည်မှာ မရှိတော့ဘူး။ အဓိကတော့ တော်လှန်ရေးဘက်က တစ်ခုခုတိုက်ခိုက်မှုတွေ ဖြစ်လာပြီဆိုရင် သူတို့ဘက်မှာ အင်အားနည်းနေပြီပေါ့နော်။ အရေးပေါ်လိုလာပြီဆိုရင် ဒီဘက်ကနေ အလုံးအရင်းနဲ့ လာပေးဖို့ပေါ့” ဟု မတ်ကျန်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ပြောသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းစိန်နှင့် တွေ့ဆုံခဲ့ပြီး စစ်ကူတောင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကူအင်အားအတိအကျကို မသိရသော်လည်း အသင့်အနေအထားပြင်ဆင်ထားရန် ပြောသွားခဲ့သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

PDF များကို တောနင်းရှာရန်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို ဖိအားပေးထားကြောင်း ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Southern Shan State Generations (SSSG) ထံမှလည်း သိရသည်။

“တစ်ဖွဲ့ကို (လူအင်အား) ၁၀၀ တောင်းပါတယ်။ နမ့်စန်မြေပြင်က ရှုပ်ထွေးပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံတွေပါ။ သူတို့လဲ ကျွန်တော်တို့စခန်းတည်နေရာ သိချင်နေကြပါတယ်” ဟု SSSG တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် PDF ငါးဖွဲ့ခန့်ရှိပြီး ၎င်းတို့၏ တပ်စခန်းများကို စစ်တပ်က ပရိယာယ်ဖြင့် စုံစမ်းထောက်လှမ်းမှုများပြုလုပ်နေကြောင်း၊ လက်ရှိအထိ ထိပ်တိုက်ပစ်ခတ်မှုများ မရှိသေးဟုလည်း ၎င်းက ပြောသည်။

ဩဂုတ်လ ၆ ရက်က ခမရ ၅၁၆ မှ ဒုတပ်ကြပ်အဖြစ် အသွင်ယူထားသော စစ်သားတစ်ဦးသည် SSSG အဖွဲ့ တပ်စခန်းအနီးတွင် ထောက်လှမ်းရေးဒရုန်းဆင်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုစစ်သားက ထွက်ပြေးသဖြင့် လက်မောင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထို့နောက် စစ်ဆေးမေးမြန်းနေစဉ် အဆိုပါစစ်သား သေဆုံးခဲ့ကြောင်း SSSG တပ်ဖွဲ့ဝင်က ဆိုသည်။ 

“ဘာကိစ္စနဲ့ ကျွန်တော်တို့နယ်မြေထဲဝင်လဲ မေးတော့ တပ်ပြေးလို့ ဖြေပါတယ်။ ကျန်တဲ့မေးခွန်းထပ်မေးချိန်မှာ သူ့အသက်က မရတော့ဘူး။ Drone လွှင့်ပြီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက်မထွက်ခင် နောက်ဆုံးပြောသွားတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါစစ်သား၏ ကျောပိုးအိတ်အတွင်း GPS အပါအဝင် စက်ပစ္စည်းတချို့ကို တွေ့ရှိခဲ့ပြီး စခန်းနှင့် ၁၂ မိုင်အကွာတွင် ၎င်း၏ အပေါင်းအပါများကို ကားတစ်စီးနှင့် တွေ့ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

ထိုသို့ လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများအပြင် ဌာနေပြည်သူ့စစ်ရန်ကိုလည်း ကြောက်ရသဖြင့် ရှမ်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များလှုပ်ရှားရန် အခွင့်မသာဖြစ်နေသည်။

ရှမ်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ ရာချီရှိကာ မူးယစ်ဆေးနှင့် လောင်းကစားအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button