
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဩဂုတ် ၇) နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်သူဦးရေနှင့် အချက်ရေ မည်မျှပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က အသေးစိတ်မပြောခဲ့ပေ။
ဆိုင်ကယ်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်နေသည့် အသက် ၄၀ ကျော်အရွယ် ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်သည် လမ်းပြကြယ်စာသင်ကျောင်းရှေ့အရောက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
“နောက်စေ့ကို မှန်တာ၊ စိုးရိမ်ရတယ်။ သေသွားပြီလို့ ကြားနေရတယ်။ အတည်တော့ မပြုနိုင်သေးဘူး”ဟု ကျောက်ဆည်ဒေသခံတစ်ဦးက ၎င်းမြင်တွေ့ရပုံကို Myanmar Now ကို ပြောသည်။
” သူ (ဦးကျော်ထင်အောင်) သတင်းပေးလို့ (ဆန္ဒပြတဲ့)ကလေးတွေ ဖမ်းခံရတယ်။ ဒလန်အကြီးစားပါ ”
ဒလန်ဖြစ်ကြောင်း စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က ကာယကံရှင်မိသားစုကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးသဖြင့် တုံ့ပြန်ချက်မရခဲ့ပေ။
၎င်းသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး သတင်းပေး (ဒလန်) ဟု ရပ်ကွက်အတွင်း နာမည်ကြီးကြောင်း ထိုဒေသခံအမျိုးသားက ဆက်ပြောသည်။
ဦးကျော်ထင်အောင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်လာကာ ၎င်းကို ခေါ်သွားကြောင်း၊ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ယူဆရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့ အဝင်အထွက်လမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး လုံခြုံရေးတင်းကျပ်ထားသည်ဟု မြို့ခံများက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် သတင်းပေး(ဒလန်) ဟု ယူဆရသူများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ မေလဆန်းမှစ၍ လုပ်ကြံသတ်ဖြတ်ခံနေရပြီး အုပ်ချုပ်ရေးမှူးတချို့မှာ ကြောက်လန့်၍ နုတ်ထွက်စာတင်နေကြသည်။
” စစ်ကောင်စီယန္တရားမှာ ပါဝင်နေသူမှန်သမျှ၊ လုပ်ကိုင်နေသူမှန်သမျှ ခုလိုဖြစ်ကြမှာပဲ။ အဓမ္မအားပေးသူတွေကိုး” ဟု ကျောက်ဆည်မှ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ နောက်တစ်ဦးက ဆိုသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ လုံခြုံရေးတင်းကျပ်သည့် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည်လည်း ဩဂုတ် ၃ တွင် ဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် စစ်သားတစ်ဦး ဒဏ်ရာရသွားခဲ့သည်။
ဇွန် ၂၆ က ပြည်ကြီးတံခွန်မြို့နယ် (စ)ဈေးအနီးတွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရသည်၊ ဇူလိုင် ၁၆ တွင် ယင်းမြို့နယ်ရှိ လျှပ်စစ်မီတာရုံးရှေ့ နှစ်ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီအတွက် မီတာခရရှိရေး အလုပ်လာလုပ်သည့် ဝန်ထမ်းတချို့ အပြင်းအထန်ဒဏ်ရာရခဲ့သည်။
မန္တလေးမြို့တွင် စစ်ကောင်စီက ဆန္ဒပြနေသူများကို ပစ်ခတ်ဖြိုခွဲဖမ်းဆီးသတ်ဖြတ်နေမှုများ ဆက်တိုက်ပြုလုပ်နေပြီးနောက် ထိုသို့ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးရုံးများ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မန္တလေး ဒေသခံလူထုက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြောက်ကျားနည်းဖြင့် နေ့စဉ် ဆက်လက်ဆန္ဒပြနေကြသည်။