သတင်း

မကွေးဝန်ကြီးချုပ်အမှု ကိုဗစ်ပိတ်ရက်ကြောင့် ကြန့်ကြာနေ

မကွေးအကျဉ်းထောင်တွင် ပုဒ်မ ၂ ခုဖြင့် တရားရင်ဆိုင်နေရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ အမှုမှာ စစ်ကောင်စီ၏ ရုံးပိတ်ရက်များကြောင့် မစစ်ဆေးနိုင်သေးဘဲ နှောင့်နှေးနေကြောင်း လိုက်ပါဆောင်ရွက်သည့်ရှေ့နေထံမှ သိရသည်။ 

“ရုံးပိတ်ရက်တွေ ဖြစ်သွားတယ်။ ထောင်ဝင်ခွင့်မရတော့ဘူး။ ရုံးချိန်းရက်ကိုလည်း ထပ်မခေါ်တော့ ကျွန်တော်တို့ ဘာမှ မလုပ်ရသေးဘူးဗျ” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ဆိုသည်။ 

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ကာ ဖေဖော်ဝါရီ ၇ တွင် ဖေ့ဘွတ်ခ်၌ Live လွှင့်ကာ လူထုသို့ စကားပြောခဲ့အပြီး ထောင်သို့ ပြောင်းရွှေ့လိုက်သည်။ 

ထို့နောက် ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲအမှုဖွင့်ခဲ့ပြီး ဇူလိုင် ၁၄ ၌ မကွေးတိုင်းတရားလွှတ်တော်တွင် Video Conferencing ဖြင့် အမှုစစ်ဆေးခဲ့သည်။ ထပ်မံချိန်းဆိုသည့်  ဇူလိုင် ၂၈  တွင် ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာတင်ရန် ဆောင်ရွက်ခဲ့ကြသော်လည်း ထောင်ဝင်ခွင့် မရခဲ့သည့်အတွက် မတင်ခဲ့ရသေးကြောင်း ဦးအောင်နိုင်က ပြောသည်။ 

ထို့နောက် ကိုဗစ်နိုင်တင်းဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဇူလိုင် ၁၇ မှ ဩဂုတ် ၁ အထိ ရုံးပိတ်ရက်များအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်၊ ဒေါ်စန္ဒီမြင့်နိုင်နှင့် ဦးအောင်နိုင်တို့အပါအဝင် ရှေ့နေများအဖွဲ့က မကွေးတိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။ 

တိုင်းဒေသကြီးတရားလွှတ်တော်ကို မေးမြန်းပြီးမှသာ ရုံးချိန်းရက်များကို သိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတော်က ပိတ်တဲ့ရုံးပိတ်ရက်ဖြစ်တဲ့အတွက် သူတို့ကြေညာတဲ့အတိုင်းပါပဲ။ ဘယ်အပေါ် အခြေခံလဲဆိုတာတော့ ကျွန်တော်တို့ တိတိကျကျ ပြောဖို့ခက်မယ် ထင်တယ်” ဟု ရှေ့နေ ဦးအောင်နိုင်က ဆိုသည်။ 

ဒေါက်တာအောင်မိုးညို၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ကျန်းမာရေးကတော့ စိုးရိမ်ရတဲ့ အနေအထားတော့ မကြားသေးပါဘူး ”ဟု ၎င်းက ဆက်ပြောသည်။  

ဒေါက်တာအောင်မိုးညိုကို ဇွန် ၈ က ထောင်အထူးတရားခွင်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ထိုနေ့မှာပင် ကိုဗစ်ဆိုင်ရာပုဒ်မဖြစ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ဇွန်လ ၂၃ တွင် ဒေါက်တာအောင်မိုးညိုအပါအဝင်၊ မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ကို ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ဒေါက်တာအောင်မိုးညိုသည် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကြောင်းပြလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံရယူခဲ့ခြင်း၊ လယ်ယာမြေ တစ်ဧကကို စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်ရေးအတွက် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် အဂတိဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်များနှင့် NLD အစိုးရအဖွဲ့ဝင်များကို ထောင်ဒဏ်၂ နှစ် အထိ ချနိုင်သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ ထောင်ဒဏ် ​​၃ နှစ် အထိ ချမှတ်နိုင်မည့် သဘာဝဘေးပုဒ်မများဖြင့်လည်းကောင်း အမှုဖွင့်နေသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချနိုင်သည်” ဟု ဖော်ပြထားသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီရေးအဖွဲ့ (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ မှ ဩဂုတ် ၃ အထိ ဆက်လက်ဖမ်းဆီးထိန်းခံနေရသူ ၅၄၇၈ ဦး ရှိနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button