စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် ဖျားနာ၊ သေဆုံးနှုန်းများနေကြောင်း ဒေသခံရွာသားများနှင့် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုထံမှ သိရသည်။
လူနေထူထပ်သည့် မြို့ပြကို အထိနာစေခဲ့သည့် ကိုဗစ်တတိယလှိုင်းသည် ကျေးလက်ဒေသသို့လည်း ဇူလိုင်နောက်ဆုံးပတ်တွင် ရောက်လာကြောင်း ယင်းမာပင်မြို့နယ် ၊ ရွာသာယာရွာမှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အိမ်တိုင်းလည်း ဖျားကြတယ်ဗျ။ စစ်လိုက်ရင်လည်း ကိုဗစ်က တွေ့တဲ့လူကများနေတာကို။ ကျွန်တော်တို့ ရွာမှာက အသက်အရွယ်ကြီးတဲ့လူကတော့ ၅ ယောက် သေသွားပြီ၊ ငယ်တဲ့လူထဲကတော့ မပါသေးဘူး” ဟု ကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံထားရသည့် ၎င်းက ဆိုသည်။
သေဆုံးသူ ၅ ဦး ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှု ရှိမရှိ မစစ်ဆေးခဲ့သော်လည်း သေဆုံးသူများ၏ မိသားစုဝင်များတွင် ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အိမ်ထောင်စု ၂၆၀ ကျော်ရှိသည့် ထိုကျေးရွာ၌ ပိုးတွေ့သူ ၁၅ ဦးခန့် ရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။
ယင်းမာပင်မြို့ပေါ်တွင် ကိုဗစ်ကာကွယ်ကုသသည့် နေရာများကို နေရေးထိုင်ရေးအဆင်မပြေ၍ ဒေသခံအများစု သွားရောက်ခြင်း မရှိကြောင်း၊ ရွာသာရွာနှင့် ရွာနီးချုပ်စပ်ကျေးရွာများတွင် ဖျားနာ၊ သေဆုံးမှုများ များပြားနေကြောင်း ၎င်းက ဆိုသည်။
မြို့ပေါ်ရှိ ယင်းမာပင်မြို့လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များက ဖျားနာသူများအနက် အသက်ရှူကျပ်သူများကို အောက်စီဂျင်အကူအညီပေးနေကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ရှိ အိမ်ခြေ ၅၀၀ ကျော်ရှိသော ပြန်လှည့်ရွာမှ အမျိုးသားတစ်ဦးက ရွာအတွင်း အိမ်ထောင်စုထက်ဝက်ခန့်တွင် ဖျားနာသူများရှိနေကာ ဇူလိုင်နောက်ဆုံးပတ် တစ်ပတ်အတွင်း အသက်အရွယ်ကြီးသည့် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ပြောသည်။
သေဆုံးသူများထဲတွင် ဆီးချိုရောဂါရှိသူများပါဝင်ကြောင်း၊ လတ်တလောဖျားနာသူတိုင်းတွင် ကိုဗစ်လက္ခဏာများ တွေ့ရကြောင်း ၎င်းက ပြောသည်။
“ရောဂါပျံ့နေပြီးလို့ ကျွန်တော်တော့ထင်တယ်။ ကျယ်ကျယ်ပြန့်ပြန့်မစစ်နိုင်လို့သာ။ စစ်နိုင်ရင် ပေါ်မှာပဲ။ တောနေလူတန်းစားကတော့ ရန်ကုန်၊ မန္တလေးကလူတွေလိုမဟုတ်ဘူး။ တောနေလူတန်းစားက မြို့နေလူတန်းစားထက်စာရင် ခန္ဓာကိုယ်ခုခံစွမ်းရည် ပိုမြင့်မယ်ထင်တာပဲ။ ကြမ်းကြမ်းတမ်းတမ်းနေရတာကိုဗျ” ဟု ၎င်းက ဆက်ပြောသည်။
ပြန်လှည့်ကျေးရွာအနီးရှိ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိ အုန်းတောရွာတွင်လည်း ဖျားနာသူများပြားနေပြီး ရက်ပိုင်းအတွင်း ၅ ဦးသေဆုံးခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
စစ်ကိုင်းတိုင်းတွင် ကနီနှင့် ယင်းမာပင်မြို့နယ်နှစ်ခုသည် စစ်ကောင်စီတပ်ကို အပြင်းအထန်ပြန်လည်ခုခံသည့် မြို့နယ်နှစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များကို ကြောက်ရသဖြင့် မြို့ပေါ်တက်၍ ဆေးရုံ၊ ဆေးခန်းသွားပြရန် စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။
မိုးရာသီဖြစ်သောကြောင့် တုပ်ကွေး၊ ငှက်ဖျားစသည့်ရောဂါများပေါင်းစုံနေပြီး တချို့ရွာများတွင် ဖျားနာ၊ သေဆုံးနှုန်းများပြားကာ ယင်းမာပင်မြို့အနီး ကျေးရွာများတွင် တစ်ရက်ခြားလျှင် တစ်ဦးမှ နှစ်ဦး သေဆုံးကြောင်း ယင်းမာပင်မြို့နယ် သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက ပြောသည်။
စစ်ကိုင်းတိုင်း ယင်းမြို့နယ်နှစ်ခုတွင်လည်း စစ်ကောင်စီတပ်က ဇူလိုင်လဆန်းမှစ၍ ကျေးရွာများအတွင်း မွှေနှောက်ရှာဖွေနေကြသည်။
၎င်းတို့အဖွဲ့ထံ မြို့ပေါ်နှင့် ကျေးရွာများမှ ကိုဗစ်လူနာများအတွက် နေ့စဉ် အောက်စီဂျင်အကူအညီတောင်းခံမှု ၁၅၀ ကျော် ရှိပြီး အိုးအသေး အလုံး ၆၀ ခန့် အကူအညီပေးနိုင်ကြောင်း၊ တချို့ကလည်း ကိုယ့်အစီအစဉ်ဖြင့် မုံရွာမြို့ပေါ် တက်၍ အောက်စီဂျင်တန်းစီဝယ်ယူသူများလည်းရှိကြောင်း ၎င်းက ဆိုသည်။
“အခုက Third Wave မှာတော့ ထိန်းသိမ်းမှုမရှိဘူး။ ရန်ကုန်က ပြန်တယ်။ ကိုဗစ်ရှိတဲ့ဆီက ပြန်လာတယ်။ ပြန်လာတဲ့လူတွေကို စောင့်ကြည့်နိုင်ခြင်းမရှိဘူး။ နောက်ပြီးတော့ ဘယ်မှမသွားဘဲ မြို့ပေါ်နဲ့ ရွာတွေမှာလည်း (ကိုဗစ်)ဖြစ်နေတာလည်း ရှိတယ်။ တော်တော်များတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကိုဗစ်တတိယလှိုင်းစတင်သည့်အချိန်မှစ၍ ယင်းမာပင်မြို့ပေါ်တွင် ပိုးတွေ့အတည်ပြုချက်ဖြင့် သေဆုံးလူနာ ၃ ဦးသာရှိသော်လည်း နေ့စဉ်နီးပါး ကိုဗစ်သံသယဖြင့် သေဆုံးသူများကို သင်္ဂြိုဟ်ပေးနေရသည်ဟု လူမှုရေးအသင်းဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်နှုန်း မြန်မြန်ဆန်ဆန်ပျံ့နှံနေပြီး လာမည့်သီတင်းနှစ်ပတ်အတွင်း လူဦးရေထက်ဝက်ခန့် ကူးစက်နိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအလွတ်သဘောဆွေးနွေးပွဲတွင် ဗြိတိန်သံအမတ်က ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကမူ ကျေးလက်တွင် အနေများသည့် မြန်မာ့လူနေမှုစနစ်ကြောင့် ထိုပမာဏအထိ ကူးစက်မှုမရှိကြောင်း VOA သတင်းဌာနကို ပြောဆိုထားသည်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၃၁ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၄,၇၂၅ ဦးနှင့် သေဆုံးသူ ၃၉၂ ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ရသူ ၃,၈၃၅ ဦးရှိသည်။