သတင်း

မြင်းခြံမှ လူငယ် ၄ ဦး ဒလန်ရှင်းလင်းရေးအဖွဲ့ဝင်ဟု စွပ်စွဲဖမ်းဆီးခံရ 

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဒေသခံ လူငယ် ၄ ဦးကို စစ်တပ်နှင့် ပူးပေါင်းသူ ဝန်ထမ်းများ၊ သတင်းပေးများကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားသည်။ 

ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် ဖြိုးဇော်ဦး (ခ) ဖြိုးဇော်၊၂၁ နှစ်အရွယ် ကျော်ရဲခန့် (ခ) ဘယ်ကျော်၊ ၂၂ နှစ်အရွယ် မင်းမင်းလှိုင်၊ ၂၃ နှစ်အရွယ် ရှိုင်းထက် (ခ) ငရှိုင်းတို့ ဖြစ်ပြီး မြင်းခြံမြို့ ဒလန်(စစ်တပ်သတင်းပေး) ရှင်းလင်းရေးအဖွဲ့ဟု လူသိများသည့် ဇီးရိုးနိုင်းပြောက်ကျားတပ်ဖွဲ့ဝင်များဟု စွပ်စွဲဖမ်းဆီးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ က မင်းမင်းလှိုင်နှင့် ကိုကျော်ရဲခန့်တို့ကို မြင်းခြံမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သရဝဏ်ခန်းမရှေ့တွင် လက်လုပ်မိုင်းဖောက်ခွဲနေစဉ် ဖမ်းဆီးရမိပြီးနောက် ကျန် ၂ ဦးကို လက်နက်နှင့်တကွ ဖမ်းမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းဌာနမှ ဇူလိုင် ၃၁ တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

မြင်းခြံမြို့မှ ယာဉ်ထိန်းရဲတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်များသတ်ဖြတ်ခံရရာတွင် ၎င်းလူငယ် ၄ ဦး ပူးပေါင်းပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ မြေပြင်တွင် လှုပ်ရှားသူတို့၏ အမည်မှန်နှင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ ရယူထားခြင်းမရှိ၍ ၎င်း ၄ ဦးမှာ သူတို့၏ အဖွဲ့ဝင်ဟုတ် မဟုတ် အတည်မပြုနိုင်ကြောင်း ပြောသည်။

မြင်းခြံတွင် ယာဉ်ထိန်းရဲ ၁ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရခြင်းမှာ သိသာထင်ရှားပြီး သတင်းပေးဒလန်များ ဆက်တိုက်သတ်ဖြတ်ခံနေရသည်။

ဒလန်ဆိုသည်မှာ စစ်တပ်ကို ထောက်ခံပြီး သတင်းပေးနေသူများကို ပြည်သူလူထုက သုံးနှုန်းသည့် အခေါ်အဝေါ်ဖြစ်သည်။

ဖမ်းဆီးခံရသူ လူငယ် ၄ ဦး၏ မိသားစုဝင်တချို့ဖြင့် Myanmar Now က အဆက်အသွယ်ရခဲ့သော်လည်း လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေ၍ ဖြေဆိုလိုခြင်းမရှိကြောင်း ပြောသည်။ 

မန္တလေးတိုင်း၊ မြင်းခြံဒေသသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဒေသဖြစ်သောကြောင့် အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းခြင်းခံခဲ့ရသည်။ 

သို့သော် မေလပိုင်းမှစ၍ မြင်းခြံတွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေး (ဒလန်) များ သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ 

မေ ၃၀ နှင့် ၃၁ နှစ်ရက်တွင် မြင်းခြံခရိုင်၌ စစ်တပ်နှင့် အဆက်အသွယ်ရှိသော အုပ်ချုပ်ရေးမှူး သုံးဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ ဆက်တိုက်သတ်ဖြတ်ခံခဲ့ရသည်။ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ခန့်အပ်သည့် သဲဖြူဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး ဇွန် ၂၇ တွင် လူမြင်ကွင်း၌ ပစ်သတ်ခံခဲ့ရသည်။ 

ဇူလိုင် ၁၃ တွင်လည်း မြင်းခြံမြို့၌ ကင်းလှည့်နေသည့် စစ်တပ်သုံးယာဉ်ငယ်တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရသည်။ 

ထိုသို့ မြင်းခြံအပါအဝင် ရန်ကုန်နှင့် ဒေသတချို့၌ သတင်းပေးဒလန်များ ဆက်တိုက်လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် ပျူစောထီးဆိုသည့်အဖွဲ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပါအဝင် NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ပြန်ခြိမ်းခြောက်ထားသည့် စာတစ်စောင်ကို ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် မြင်းခြံမြို့ခံ ၃၈ ဦး၏ အမည်စာရင်းထည့်သွင်းထားဖော်ပြထားခဲ့ပြီးနောက် ဇူလိုင် ၂ တွင် မြင်းခြံမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်းများဖြစ်သည့် ဇနီးမောင်နှံ၊ ​​ဇူလိုင် ၂၇ ၌ မြင်းခြံမြို့ ဘုံဘေချစ်တီးထမင်းဆိုင်ပိုင်ရှင် ဇနီးမောင်နှံတို့ သေနတ်ဖြင့် ပစ်သတ်ခံထားရသည်။

ပျူစောထီးအဖွဲ့ဆိုသည်မှာ မေလဆန်းပိုင်းတွင် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့နှင့် ဆက်စပ်နေသူများပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button