
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါတတိယလှိုင်း အပြင်းအထန်ရိုက်ခတ်လျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီက ကာကွယ်ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် တိုင်းရင်းသားဒေသများတွင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကိုဗစ်ကာကွယ်ရေးဆောင်ရွက်လာကြသည်ကို တွေ့ရသည်။
ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်များ၌ ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဒေသအလိုက် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာနယ်မြေအချို့တွင် ကိုဗစ်ကူးစက်ပြန့်ပွားမှုရှိနေသဖြင့် ကျေးလက်ဒေသများကို ဆက်လက်မကူးစက်နိုင်စေရန် ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များ ထုတ်ပြန်ထားသည်။
“မြို့ထဲကလူတွေ တောဘက်ကို မဝင်လာနိုင်အောင်၊ တောဘက်ကလူတွေ မြို့ထဲကို မသွားနိုင်အောင် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာရှိတယ်။ အရင်ကတော့ ဒီလောက် ကူးစက်မြန်နှုန်းမရှိဘူး။ အခုတတိယလှိုင်းမှာ ကူးစက်မှုနှုန်းက မြန်ဆန်တယ်။ ကူးစက်ခံရတဲ့သူများတယ်၊ သေဆုံးမှုလည်းများနေတယ်” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကွာဟချက်ရှိနေပြီး ဆရာဝန်အင်အား ပြည့်စုံမှုမရှိသောကြောင့် ကူးစက်မှုများခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းရှိ မြို့နယ်လေးခုကို ဇူလိုင်လကုန်အထိ Lockdown (အသွားအလာပိတ်ပင်ကန့်သတ်ခြင်း) ချထားကြောင်း သတင်းထုတ်ပြန်ထားပြီး သထုံခရိုင်အတွင်း ဘားအံ၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်များ ပါဝင်သည်။
အလားတူ KNU တပ်မဟာ(၅) ကလည်း ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ အမိန့်ထုတ်ပြန်ခဲ့ပြီး ဖာပွန်-ကမမောင်းလမ်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းများတွင် ကိုဗစ်ကူးစက်ခံထားရသူများပါလာရာ ဖာပွန်၌ ထပ်မံကူးစက်ခံရသူ ၁၀၀ ခန့်ရှိလာသည်ဟု သတင်းထုတ်ပြန်ထားသည်။
ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဖာပွန် – ကမမောင်းလမ်းကို ဇူလိုင် ၂၀ ရက်မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ကန့်သတ်ပိတ်ပင်ထားကြောင်း၊ လိုက်နာမှုမရှိဘဲ သွားလာရင်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက တာဝန်မယူနိုင်ကြောင်း KNU တပ်မဟာ (၅) က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေပြုထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ကပ်ရောဂါတားဆီးနိုင်ရေးအတွက် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်တာကာလကို Stay at Home (နေအိမ်တွင်သာနေထိုင်ရန်) သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒေသတစ်ခုမှတစ်ခု၊ ကျေးရွာတစ်ခုမှတစ်ခု၊ ရပ်ကွက်တစ်ခုမှတစ်ခုသို့ သွားလာခြင်းမပြုဘဲ နေအိမ်၌သာ နေထိုင်ရန် စည်းကမ်းထုတ်ပြန်ထားရာ လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟု TNLA က ဆိုသည်။

“ပထမလှိုင်းမှာ တော်တော်လေးနည်းတယ်။ ဒုတိယလှိုင်းလည်း ဒီလောက်မရှိဘူး။ တတိယလှိုင်းမှာကျတော့ လုံးဝကို မကူးစက်တဲ့မြို့မရှိဘူး” ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် (KIO/KIA) ကလည်း ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်း ကိုဗစ်ကူးစက်ခံရသူများရှိနေသဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများကို ပိုမိုတင်းကျပ်ထားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ဇူလိုင် ၂၅ မှစ၍ မြို့ရွာအတွင်း လူစုလူဝေးမပြုလုပ်ရန်၊ ကလပ်များ၊ စားသောက်ဆိုင်များနှင့် အခြားဆိုင်မျိုးစုံကို အကန့်အသတ်မရှိ ယာယီပိတ်ထားရန် KIO က အသိပေးချက်ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာ၍ ဒေသခံပြည်သူများအနေဖြင့် နေအိမ်၌သာ နေထိုင်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဇူလိုင် ၂၂ တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၀ မှ ဩဂုတ် ၄ အထိ နေအိမ်တွင်သာ နေထိုင်ရန်၊ ထိုကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသူများကို သက်ဆိုင်ရာ အရပ်ဘက်ခေါင်းဆောင်များနှင့် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးအဖွဲ့များက ကူညီဖြေရှင်းပေးရန် တိုက်တွန်းထားပြီး၊ အချက် ၂၄ ချက်ပါ အမိန့်စာကို လိုက်နာခြင်းမရှိပါက ထိထိရောက်ရောက်အရေးယူသွားမည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ထုတ်ပြန်သော စည်းကမ်းချက်များကို ဒေသခံလူထုက လိုက်နာမှုမရှိကြသော်လည်း AA ၏ သတိပေးစာထုတ်ပြန်ပြီးနောက် လမ်းပေါ်၌ လူသွားလူလာ မရှိတော့သလောက်ဖြစ်နေကြောင်း ဒေသခံများက Myanmar Now ကို ပြောကြားထားသည်။
နိုင်ငံအတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုမြင့်တက်နေချိန်တွင် စစ်ကောင်စီက တရားမဝင်ရယူထားသည့် အာဏာတည်မြဲရေးကိုသာ အလေးထားဆောင်ရွက်နေသောကြောင့် ပြည်သူများအပေါ် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်သူအချင်းချင်းကူညီစောင့်ရှောက်လျက်ရှိသည်ကိုပင် စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးကာ ပိတ်ပင်တားဆီးလျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။