
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ တိုက်ပွဲများကြောင့် ရက်ပိုင်းအတွင်း ကျေးရွာ ၄ ရွာမှ ဒေသခံ ၈၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
ဖလမ်းမြို့မှ ၁၂ မိုင်အကွာရှိ တာလ်းကျေး၊ တလန်းဇာရ်၊ တလန်းရောန်၊ ဇာမွာလ် စသည့် ကျေးရွာများမှ ဒေသခံများဖြစ်သည်။
အိမ်ခြေ ၄၀ ကျော်ရှိ တားလ်ကျေးရွာမှ လူနေအိမ်ထက်ဝက်ခန့်ကို စစ်တပ်က ဇူလိုင် ၂၀ တွင် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တီဗီများ၊ ဆောင်းဘောက်များအပါအဝင် ပရိဘောဂပစ္စည်းများကို ထုခွဲဖျက်ဆီးသွားကြောင်း တားလ်ကျေးရွာဒေသခံတစ်ဦးက ရွာတွင် ကျန်နေရစ်သူများကို ကိုးကား၍ ပြောသည်။
“စစ်တပ်က မည်းမည်းမြင်ရာပစ်တော့ ရွာကလူတွေက ကြောက်လန့်ပြီးပြေးနေရတာ။ အခုထိလည်း အိမ်ကို မပြန်နိုင်သေးဘူး။ ရှောင်နေရတုန်းပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဇူလိုင် ၂၅ တွင် Myanmar Now ကို ပြောသည်။
“ဆန်ရှိတဲ့ဟာဆိုရင်လည်း စစ်သားတွေက ဆန်အိတ်တွေကို ဓားနဲ့ဖျက်ပြီးတော့ ဘွတ်ဖိနပ်နဲ့ နင်းတာ။ ရှိသမျှဆီတွေလည်း အကုန်လုံး လူးထားတယ်။ စောင်မရှိဘူးပေါ့။ သူတို့က စောင်ကောင်းတာတွေ အကုန်လုံးယူသွားတာ”
စောင် အထည် ၃၀ ကျော် ယူသွားသည့် စစ်သားများသည် တာလ်းကျေးရွာသို့ ရိက္ခာယူရန်နှင့် ဖုန်းအားသွင်းရန် ပြန်လာသည့် စစ်ဘေးရှောင် လူငယ်နှစ်ဦးထံမှ ဖုန်း ၃ လုံးကိုလည်း လုယူသွားကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါကျေးရွာများတွင် စစ်တပ်က လုယူဖျက်ဆီးနေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် မေးမြန်းလိုသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
ဇူလိုင် ၂၀ က ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CNDFတို့ ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးသည့် အလားတူလုပ်ရပ်မျိုးကို စစ်တပ်က ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ကနီမြို့နယ် အစရှိသည့် ကျေးရွာများတွင် မကြာခဏ ကျူးလွန်လျက်ရှိသည်။
ဖလမ်းဒေသခံ စစ်ရှောင်ဒုက္ခသည်တို့သည် စားနပ်ရိက္ခာအပြင် ရာသီဥတုအခြေအနေအရ မိုးကာနှင့် စောင်များ အဓိကလိုအပ်နေကြောင်း သိရသည်။
ချင်းအမျိုးသားအဖွဲ့ ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) က ဒေသခံများကို အိမ်စီးကား၊ ကုန်တင်ကားများ ကားမှန်များတင်ပြီး မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် မောင်းနှင်မည်ဆိုပါက CNDF ကို ကြိုအသိပေးရန် ဇူလိုင် ၁၉ ကတည်းက စာထုတ်ထားသည်။
ချင်းပြည်နယ်ရှိ ဖလမ်း၊ ဟားခါး၊ မင်းတပ်အပါအဝင် ၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်ရှိ မြို့နယ်တချို့တွင် စစ်တပ်ကို တူမီးအပါအဝင် ရရာလက်နက်များဖြင့် ဒေသခံတို့က ပြန်ခုခံနေကြသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင်လည်း စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ စစ်တပ်နှင့် PDF အကြား ယာယီအပစ်ရပ်သဘောတူမှု ပျက်ပြယ်ပြီး ဇူလိုင် ၂၀ မှစ၍ တိုက်ပွဲများပြန်ဖြစ်နေသည်။
စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့နှင့် တိုက်ပွဲများဖြစ်နေကာ ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည်။
ဇူလိုင်နောက်ဆုံးပတ်အတွင်း တိုင်းရင်းသားလက်နက်နက်ကိုင်များရှိရာ ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့၌ စစ်ကောင်စီက အင်အားဖြည့်တင်းနေ၍ တိုက်ပွဲများ ရှေ့လျှောက် ပိုမိုပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက သုံးသပ်ထားကြသည်။