သတင်း

ပြည်နယ်လေးခုတွင် စစ်ကောင်စီ အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲများပြင်းထန်လာနိုင် 

ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ (KNPP/KNDF) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) များက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိရာ အဆိုပါတိုင်းရင်းသားဒေသများတွင် စစ်တပ်က တပ်စခန်းတိုးချဲ့ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ကရင်ပြည်နယ် မူတြော်(ဖာပွန်) ခရိုင်အတွင်း၌  စစ်ကောင်စီက တပ်စခန်းလေးခု တိုးချဲ့ထားကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက Myanmar Now ကို ပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကစပြီး တပ်မဟာ(၅)ကနေ တားမြစ်ထားတဲ့ ပိတ်ဆို့ထားတဲ့လမ်းကို ပြန်ဖွင့်ပေးတယ်။ လူထုအတွက်ဆိုပြီးတော့မှ လူထုတွေရဲ့ ရိက္ခာတွေ သယ်ဖို့ပြုဖို့ပေါ့။ ဒါပေမဲ့ တစ်ဖက်ကနေပြီးတော့မှ သူတို့လည်းပဲ လမ်းဖွင့်ပေးတာကို အခွင့်ကောင်းယူပြီးတော့ တပ်ကနေ သူတို့ရဲ့ ရိက္ခာ၊ လိုအပ်တာတွေ ပို့ဆောင်တဲ့အပြင် တပ်စခန်းအသစ်တချို့ပါ ထပ်တိုးပြီးချထားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဖာပွန်ခရိုင်အတွင်း ခေးပူဒေသ၌ တပ်စခန်းနှစ်ခုတိုးချဲ့ထားသည်ကို KNU တပ်မဟာ(၅) ရှေ့တန်းက သတင်းပေးပို့ထားကြောင်း၊ အလားတူ ဖာပွန်နှင့် ကမမောင်းကြားရှိ ခွေးသေရွာနှင့် မထောရွာအကြားတွင်လည်းကောင်း၊ လွယ်ကမောဒေသ၌လည်းကောင်း စစ်တပ်က တပ်စခန်းတိုးချဲ့ထားသည်ဟု ဆိုသည်။ 

“သူတို့ အဲဒီလို စခန်းအသစ်တွေထပ်ပြီးတော့ လုပ်လာတဲ့အပေါ်မှာ တင်းမာမှုဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက်ပစ်ခတ်မှုက အရင်တုန်းကထက်ဆိုရင် ပိုပြီးတော့ ဖြစ်လာတာပေါ့” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တပ်မဟာ(၅)နယ်မြေတွင် ယခုလ (ဇူလိုင်) ၁၅ ရက်မှ ၂၂ အထိ တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုများပြားခဲ့သည်ဟု KNU တပ်မဟာ(၅)က ဇူလိုင် ၂၂ တွင် သတင်းထုတ်ပြန်ထားသည်။

“အဲဒီမှာ (တစ်ပတ်တာတိုက်ပွဲများအတွင်း) စစ်ကောင်စီဘက်က သူတို့ ၂၆ ယောက် ကျဆုံးတယ်။ ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်။ ၃၅ ယောက်ထဲမှာ တပ်ရင်းမှူးတစ်ယောက်ပါတယ်လို့ ကျွန်တော်တို့ သတင်းသိရတာပေါ့” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အတွင်းရှိ ဘားအံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များ၌လည်း စစ်ကောင်စီတပ်နှင့် ယခုလအတွင်း တိုက်ပွဲဖြစ်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ဝင်လာပြီးတော့ ချိတ်ဆက်ဆောင်ရွက်တာ မရှိဘူး။ သူတို့သဘောနဲ့သူတို့ သွားလာပြီးတော့ တောတိုးတာတို့၊ လှုပ်ရှားမှုတွေပြုလုပ်တော့ အဲဒီမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ယခုရက်ပိုင်းတွင်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉)နယ်မြေနှင့် ရှမ်းမြောက် မုံးကိုးဒေသရှိ KIA တပ်မဟာ (၆) နယ်မြေတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မုံးကိုးဒေသတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“KIO/KIA ဌာနချုပ်ရှိနေတဲ့ လိုင်ဇာဝန်းကျင်မှာ အဲဒီမှာကတော့ နှစ်လသုံးလကြာပြီ။ သူတို့ စစ်အင်အားတွေ တိုးထားတာရှိတယ်။ လောလောဆယ် သိပ်ပြီးမှ စစ်လှုပ်ရှားတာတော့ မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။ 

KIA တပ်မဟာ(၃) နယ်မြေ မိုင်ဂျာယန်ဒေသနှင့် တပ်မဟာ (၁၀) နယ်မြေတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ KIA က ခုခံတိုက်ခိုက်ခြင်းဖြစ်သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြထားသည်။ 

ကယားပြည်နယ် (ကရင်နီဒေသ) လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များတွင်လည်း ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ယခုလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဆိုသည်။

“ဘောလခဲမှာတော့ တိုက်ပွဲဖြစ်ပြီးကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းနဲ့ တပ်စွဲထားတာရှိတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့ပြင် ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များတွင်လည်း စစ်ကောင်စီက အင်အားတိုးချထားဟု ဆိုသည်။

“စစ်ပွဲတော့ ခဏနေလား၊ မနက်ဖြန်လား၊ သန်ဘက်ခါလားဖြစ်ဖို့ အလားအလာအများဆုံးအနေအထားမှာ ရှိတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ကပ်ရောဂါကြောင့် ပြည်သူလူထု အခက်အခဲဖြစ်နေသော်လည်း စစ်အာဏာရှင်ဖြုတ်ချရေး အရေးကြီးသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပေါ် ပြည်သူလူထုအနေဖြင့် ဂရုပြနေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

စစ်ကောင်စီကို ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်ခဲ့သည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်တွင်လည်း တစ်လနီးပါး အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင် ၂၁ ရက်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် လာရောက်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ယာဉ်တန်းပြန်လည်ထွက်ခွာသွားပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက ရုတ်တရက်ထိုးစစ်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မင်တပ်မြို့နယ်တွင် စစ်ကောင်စီ၏ နယ်​မြေခံတပ်ရင်း ၂၇၄ အပါအဝင် တပ်ရင်း ၆ ခုရှိသည့်အနက် တပ်ရင်း​လေးရင်းမှာ လူမြင်ကွင်းတွင် လှုပ်ရှား​နေသော်လည်း အခြားတပ်ရင်းနှစ်ရင်းမှာ တပ်​ဖျောက်လှုပ်ရှားနေပြီး စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် မတူပီမြို့မှ ဇူလိုင် ၁၉ ရက်တွင် စတင်ထွက်ခွာလာပြီး မင်းတပ်မြို့ကို ဦးတည်နေသည်ဟု သိရသည်။ 

Show More

Related Articles

Back to top button