သတင်း

လှည်းကူးကျူးကျော်အိမ်ဖျက်မှု ဆက်လက် ဆောင်ရွက်

ရန်ကုန် (Myanmar Now) – ရန်ကုန်၊ လှည်းကူးမြို့နယ်အတွင်း ထောင်နှင့်ချီသော ကျူးကျော်အိမ်များ ဖြိုဖျက်သည့် အစီအစဉ်ကို တတိယမြောက်နေ့အဖြစ် ဆက်လက် လုပ်ကိုင်နေကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ဇွန် ၁၄ ရက်နေ့တွင် ပြောသည်။

ရန်ကုန် မန္တလေးအမြန်လမ်းမကြီးတစ်ဖက်တစ်ချက်ရှိ စခန်းကြီးကျေးရွာအုပ်စုအတွင်းမှ ရတနာအောင်၊ အောင်ရတနာ၊ အောင်သုခ၊ ကံ့ကော်ကျွန်း၊ စိမ်းလန်း ကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူတို့၏ အိမ်များကို ဖြိုဖျက်ရာတွင် ပထမနေ့က ရဲတပ်ဖွဲ့ ၂ဝဝ နီးပါးခန့်အပါအဝင် လူအင်အား ၁,ဝဝဝ ဝန်းကျင် အသုံးပြုကြောင်း တွေ့ရသည်။

အင်္ကျီပြာ၊ ဖိုင်ဘာဦးထုပ်အဝါရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသူတို့က အိမ်တိုင်များကို ဖြိုလှဲရာတွင် လက်ကိုင်လွှစက် အသုံးပြုကြောင်း တွေ့ရသည်။ စက်ယန္တရားကြီးများ အသုံးပြုခြင်း မရှိသော်လည်း ဝါးအိမ်၊ သစ်အိမ် အများအပြားမှာ အချိန် အနည်းငယ်အတွင်း မြေပြင်ပေါ် ပုံကျ ပျက်စီးသွားသည်။

ဖြိုဖျက်သည့် ပထမနေ့တွင် ကျူးကျော်နေထိုင်သူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

အခြေအနေ တင်းမာလာမည်ကို ခန့်မှန်းထားပြီးဖြစ်သည်ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

“သူတို့ရဲ့ ရှိတဲ့ငွေလေးနဲ့ဆောက်ထားတဲ့အခါကျတော့ ရှင်းလင်းဖယ်ရှားတဲ့ အခါ လူ့သဘာဝအရ ကျေနပ်မှု၊ မကျေနပ်မှုက ရှိလာနိုင်ပါတယ်” ဟု ဦးယုခိုင်က ဆိုသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ရဲတစ်ဦး ဒဏ်ရာ ရသွားသည်။ ထိုဒေသတွင် နေထိုင်သူ ၆ ဦး ထိန်းသိမ်းခံရပြီး လမ်းပိတ်ဆို့သည်ဟူသော စွပ်စွဲချက်ဖြင့် အမြန်လမ်းမကြီးဥပဒေ ပုဒ်မ ၁၉ အရ ဇွန်လ ၁၃ ရက်နေ့တွင် အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

ရုန်းရင်းဆန်ခတ်မှု ထပ်မံမပေါ်ပေါက်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

ကျူးကျော်အိမ်ဖျက်မှု ပထမနေ့မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

မြေကွက် ဝယ်ယူခြင်း

မြေကွက်ကို ၇ သိန်း ဖြင့် ဝယ်ခဲ့ရသည်ဆိုသော ပခုက္ကူမြို့နယ် တင်းကပ်ကျေးရွာမှ ကိုမြတ်လင်းက ထိုမြေကွက်တွင် ဆောက်လုပ်သည့်အိမ်အတွက် ၄ သိန်း ထပ်မံကုန်ကျ ခဲ့ရကြောင်း ရှင်းပြသည်။

ကျေးလက်ဒေသတွင် ထန်းပင်အငှားတက်သူ ကိုမြတ်လင်းက ရွာတွင်လည်း အိမ်ပိုင်၊ မြေပိုင် မရှိဟု ဆိုသည်။

“မရှိဆင်းရဲသားဘဝကနေ ချွေးနှဲစာလေးတွေ စုပြီးတော့ ကျွန်တော်လာခဲ့တာပါ ” ကိုမြတ်လင်းက ဆိုသည်။

ရန်ကုန်မြို့တွင် ဝမ်းရေးအတွက် အလုပ်အကိုင် မပူပင်ရသည့်အတွက် မိသားစုနှင့်အတူ ရွှေ့ပြောင်းလာခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

ကိုမြတ်လင်းကဲ့သို့ပင် ကျူးကျော်နေထိုင်သူအများအပြားက ပေ ၄ဝx၆ဝ မြေကွက်များကို ကျပ် ၇ သိန်းနှုန်းဖြင့် ဝယ်ယူခဲ့ပြီး ၁၃ သိန်း အထိ ပေးခဲ့ရသူတချို့ကလည်း ရှိကြောင်း သိရသည်။

ကျေးရွာမြေအသုံးပြုရေးကော်မတီဆိုသည့် အဖွဲ့အစည်းတစ်ခုထံမှ မြေကွက်များကို ဝယ်ယူကြရကြောင်း၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ ကိုမျိုးဆိုသူကို ငွေချေခဲ့ကြကြောင်း အများအပြားက ပြောသည်။

ထိုကော်မတီက ဘိုးဘွားပိုင်မြေကွက်တို့ကို ဝယ်ယူ၍ အကွက်ရိုက်ကာ ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု နားလည်ခဲ့ကြောင်း ၎င်းတို့က ဆက်ပြောသည်။

အိမ်ဆောက်ရန် ကျန်နေသူတို့ကိုလည်း အိမ်ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းရရှိရေးအတွက် အိမ်အမြန်ဆုံး ဆောက်ကြရန် မြေကွက်ရောင်းချသူတို့က ပြီးခဲ့သည့် ရက်ပိုင်းအထိ တိုက်တွန်းခဲ့သည်ဟု မြေကွက် ဝယ်ယူထားသူများက ပြောသည်။

ကျူးကျော်အိမ်များဖြိုဖျက်သည့် ပထမနေ့တွင် မြေကွက် ဝယ်ယူထားသူများက ဆက်သွယ််သည့်အခါ ကိုမျိုးဆိုသူက ရှောင်တိမ်းနေသော်လည်း အိမ်များကို အဖျက်မခံရန် အမှာစကားပါး တိုက်တွန်းကြောင်း ၎င်းတို့က ဆက်ပြောသည်။

ကိုမျိုးဆိုသူအား Myanmar Now ဆက်သွယ်ရန်ရာတွင် ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရခဲ့ပေ။

ကျူးကျော်အိမ်ဖျက်မှု ပထမနေ့မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

နှစ်လအတွင်း အိမ်တစ်ထောင်ပေါ်လာ

အစိုးရပိုင်မြေများ လက်လွှဲရောင်းချနေခြင်း၊ ကျူးကျော်နေထိုင်ခြင်းများနှင့် ပတ်သက်၍ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ထည့်သွင်းပြောကြားခဲ့သေးသည်။

“ရန်ကုန်မြို့ရဲ့အဝင် လမ်းမကြီးတွေရဲ့နေရာဘေးမှာ ကျူးကျော်တွေ တော်တော်များများ တိုးပွားလာတဲ့ အခြေအနေတွေ ရှိပါတယ်။ တချို့ကတော့ အစိုးရပိုင်မြေတွေကို လက်ညှိုးထိုးရောင်းစားပြီး ဒီနေရာတွေကနေ မြေတွေကို တစ်ချိန်ချိန်မှာ ငါတို့မြို့ကွက်ဖြစ်သွားမှာပဲဆိုတဲ့ အခြေအနေမျိုးတွေကိုလည်း ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။

ဒီအခြေအနေကတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်ပြောပါရစေ ” ဟု ၂ဝ၁၅ ရွေးကောက်ပွဲတွင် လှည်းကူး မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးချယ်ခံရသည့် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဝန်ကြီးချုပ်က ထိုသို့ ပြောဆိုပြီး ရက်အနည်းငယ်အကြာတွင် ကျူးကျော်အိမ်ဖျက်သည့် အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုနေရာရှိ ကျူးကျော်များကို ဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၅ ခုနှစ်ကလည်း ဖြိုဖျက် ရှင်းလင်းခဲ့ဖူးကြောင်း၊ ၂ဝ၁၆ သြဂုတ်လကလည်း အဆိုပါနေရာမှာ အစိုးရပိုင်မြေဖြစ်သည်ဟု ရှင်းလင်းအသိပေးခဲ့ပြီးဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

အသိပေးမှုများဆက်လက်လုပ်နေသည့်ကြားမှ အိမ်များ ဆက်လက်တိုးပွားလာခြင်းဖြစ်ပြီး ကျန်ခဲ့သည့် နှစ်လအတွင်း အိမ်အလုံးပေါင်း ၁,ဝဝဝ ခန့်အထိ ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟု ၄င်းကဆိုသည်။

ယခု ဖြိုဖျက်ဖယ်ရှားမှုတွင် ဒုတိယနေ့အထိ ကျူးကျော်အိမ်ပေါင်း ၃ဝဝ ကျော်ခန့် ရှင်းလင်းလိုက်ကြောင်း၊ အားလုံး ပြီးစီးရန် ဆယ်ရက်ခန့် အချိန်ယူရနိုင်ကြောင်း ဦးယုခိုင်က ခန့်မှန်းသည်။

အဆိုပါ မြေနေရာတွင် ဆေးရုံ၊ ကစားကွင်း၊ ဂေါက်ကွင်း၊ အပန်းဖြေဥယျာဉ်၊ စားသောက်ဆိုင်တို့ ပါဝင်သည့် လူနေအိမ်ရာစီမံကိန်းတစ်ခု ပေါ်ပေါက်လာမည်ဟု ဦးယုခိုင်ထံမှ သိရသည်။ ။

Show More

Related Articles

Back to top button