အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်းတွင် မိုင်းနင်းမိ၍ ၁၆ နှစ်သား ခြေတစ်ဖက်ပြတ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လေးကျေးရွာမှ ယမန်နေ့ (ဇူလိုင်၂၁) ၌ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွား၍ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။

မြိုတိုင်းရင်းသား အသက် ၁၆ နှစ်အရွယ် ကိုဦးဘမောင်သည် မွန်းတည့်ချိန်က ကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ တောထဲသို့ သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုရွာမှ အုပ်ချုပ်ရေးမှူး ဦးလပြည့်အောင်က ပြောသည်။ 

“ညာဘက်ခြေထောက် ဒူးအောက်ကနေ ပြတ်သွားတယ်။ ဘယ်ဘက်ခြေထောက်တွေမှာလည်း ဒဏ်ရာတွေ ရသွားတယ်။ ဒဏ်ရာရသွားတဲ့လူငယ်ကတော့ သတိရပါတယ်။ ဒဏ်ရာပြင်းလို့ ယိုးတရုတ် (ကျေးရွာ) က လူနာတင်ကားနဲ့ စစ်တွေဆေးရုံကို ယူသွားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါလူငယ်၏ ညာခြေထောက်သည် ဒူးအောက်မှ လုံးဝပြတ်တောက်သွားပြီး အသားစများထွက်နေကာ ဘယ်ခြေထောက် ဒူးအဆစ်နေရာတွင် ဒဏ်ရာရရှိနေသည်ကို Myanmar Now က ရရှိထားသော ဓာတ်ပုံတွင် တွေ့ရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုင်းနင်းမိသည့် ယင်းနေရာဝန်းကျင်တွင် ယခင်က စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း ရွာမှ သားဖနှစ်ဦး ၀ါးခုတ်ရန်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရခဲ့သည်ဟု ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဒေသခံအများစုမှာ တောတောင်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရာ မိုင်းအန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ရန် မသွားရဲမလာရဲဖြစ်နေသည်ဟု ထိုရွာမှ ဒေသခံတစ်ဦးဖြစ်သည့် ဦးဖုန်းက ပြောသည်။

”ကျွန်တော်တို့ စားရေးသောက်ရေးအတွက် တောကို မျှစ်ခူးသွားကြတယ်။ မိုင်းထိတယ်။ တောကြက်ကိုင်းထောင်ဖို့ သွားကြတယ်။ (အခု) မိုင်းထိတယ်ဆိုတော့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲအများကြီးရှိပါတယ်” ဟု သူက ပြောသည်။

အထက်မြတ်လေးကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်တွေ – ရန်ကုန်ကားလမ်းမကြီးပေါ်မှ နာရီဝက်ခန့်သွားရသည့် ကျေးရွာဖြစ်သည်။ စစ်တပ်က ကားလမ်းမဘေးဝဲယာကို မိုင်းရှင်းလင်းခဲ့သော်လည်း ဒေသခံတို့ အမှီပြုလုပ်ကိုင်စားသောက်နေကြသော တောတောင်များတွင် မိုင်းရှင်းလင်းရန် လိုအပ်နေသေးသည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၉ လ ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ဒေသခံ ပြည်သူလူထုသည် စစ်မြေပြင်သုံးလက်နက်များ၏ အန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကျန်လက်နက်ခဲယမ်းများနှင့် မြေမြှုပ်မိုင်းကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၂ ဦးထိရှိကြောင်း စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူ နှစ်သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ကြရသည့်အပြင် AA သံသယဖြင့် စစ်တပ်က ဒေသခံအများအပြားကို ဖမ်းဆီး၊ နှိပ်စက်၊ အမှုဖွင့်ခဲ့သည်။

လက်ရှိအချိန်ထိ တပ်မတော်က ကျေးရွာများအနီး တပ်စွဲနေရာယူထားခြင်း၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ၏ အန္တရာယ်ရှိနေခြင်းတို့ကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် သိန်းဂဏန်းခန့် ရှိနေဆဲဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ် ထီးစွဲ၊ ဆောက်ခတ်၊ အမျက်တောင်၊ မညင်းတောင် စသည့် ကျေးရွာများအနီး စစ်တပ်က နေရာယူထားပြီး၊ ကျေးရွာအတွင်းသို့ ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက်သွားလာနေရသည့်အတွက် ယခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သေးကြောင်း ရသေ့တောင်မြို့ စစ်ရှောင်စခန်းတစ်ခုမှ ဒေသခံလယ်သမားတစ်ဦးက ရခိုင်အခြေစိုက် DMG သတင်းဌာနသို့ ဇူလိုင် ၁၅ က ဖြေကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button