သတင်း

စစ်တပ်၏ရန်ကြောင့် ရွှေဘိုကျေးလက်ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နှင့် တိုက်ပွဲဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက တပ်စွဲထားပြီး ရွာသို့ ပြန်လာသူမှန်သမျှကို ပစ်ခတ်နေ၍ ဒေသခံ ၅၀၀၀ ကျော်မှာ ဆက်လက်တိမ်းရှောင်နေရသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၇ ညနေပိုင်းနှင့် ဇူလိုင် ၁၈ မနက်တွင် ရွှေဘိုမြို့အနောက်ဘက် ၇ မိုင်အကွာ ဆိပ်ခွန်ကျေးရွာနှင့် ပလိုင်းကျေးရွာများသို့ စစ်တပ်ရောက်လာပြီးနောက် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရသည်။ 

“ရွာထဲတော့ ဘယ်လိုနည်းနဲ့မှ ပြန်မဝင်ရဲဘူးလေ။ သူတို့က လူမြင်ရင်ကို လှမ်းပစ်နေတာ။ ရွာထဲမှာလည်း စစ်သားနှစ်ဖွဲ့ခွဲပြီး အမြဲတမ်းပတ်နေတာ”ဟု နီးစပ်ရာတောတောင်ထဲတွင် စစ်ဘေးရှောင်နေသူ ပလိုင်းရွာသားတစ်ဦးက ယမန်နေ့ ဇူလိုင် ၂၀ တွင် ပြောသည်။

ဇူလိုင် ၁၇ ညနေပိုင်းတွင် ဆိပ်ခွန်ကျေးရွာမှ ဒေသခံ ကင်းသမား ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ပစ်သတ်ခဲ့ပြီးနောက် ၎င်းရွာမှ ၂ မိုင်ခန့်အကွာရှိ ပလိုင်းရွာဘက်သို့ ဦးတည်လာခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၎င်းလူငယ် ၄ ဦးကို ဖမ်းဆီးပြီး ဝမ်းလျားမှောက်ခိုင်းကာ အနီးကပ်ပစ်သတ်ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာအနီးနေထိုင်သူ ဆိပ်ခွန်ဒေသခံတစ်ဦးထံမှ သိရသည်။

“ကလေးတွေ ကင်းလှည့်တဲ့အချိန်နဲ့ သူတို့လာတဲ့အချိန် ထိပ်တိုက်တိုးတဲ့သဘောပါပဲ။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သံတွေ ကြားရတယ်။ ဒူးထောက်ခိုင်းတဲ့အသံတွေလည်း ကြားရတယ်။ မှောက်ထား၊ မှောက်ထားဆိုပြီး ပစ်သံတွေ ကြားရတာပဲ”ဟု ၎င်းအမျိုးသားက ကိုယ်တိုင်ကြားရပုံကို ပြောပြသည်။

သေဆုံးခဲ့သည့် ၄ ဦးမှာ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့် ကိုအောင်ဟိန်းကျော်တို့ ဖြစ်ကြောင်း သိရသည်။ 

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံမှတ်တမ်းများတွင် သေဆုံးသူများသည် ဦးခေါင်းကို အနီးကပ်ပစ်သတ်ခံထားရသည်ကို တွေ့ရပြီး နှစ်ဦးသည် ဦးခေါင်းတစ်ခုလုံးကြေမွနေသည်ကို တွေ့ရသည်။

ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားတစ်ဦးက သေဆုံးနေသည့် လူငယ်များအနီး ဆဲဆိုရေရွတ်နေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံတစ်ခုတွင် တွေ့မြင်ရသည်။ 

ထိုရုပ်သံ၊ ထိုဒေသတွင်း ဖြစ်ရပ်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်သည် ဇူလိုင် ၁၈ မနက်တွင် ပလိုင်းရွာသို့ ရောက်လာခဲ့ပြီး ရွာထိပ်တွင် စောင့်ကြည့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တချို့နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

“ပလိုင်းကို စစ်ကားတွေလာမယ်လို့ မထင်ဘူး။ တက်တူရွာသွားမယ် ထင်ကြတာ။ ရွာထိပ်မှာ လိုရမည်ရစောင့်နေကြတာတော့ ရှိတာပေါ့။ လူငယ်တွေက ဘာမှတောင် မလုပ်လိုက်ရပါဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တော့ အကုန်ပြေးရတာပေါ့။ ခြေထောက်ကို တစ်ယောက်ထိတယ်လို့ ပြောတာပဲ။ တစ်ရွာလုံး ထွက်ပြေးရတာဗျာ။ ခုချိန်ထိ ရွာထဲ ပြန်မဝင်ရဲကြဘူး”ဟု ပလိုင်းရွာမှ သက်လတ်ပိုင်းအရွယ် ရွာခံနောက်တစ်ဦးက ပြောသည်။

စစ်တပ်က ပလိုင်းနှင့် တက်တူကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေ၊ မွှေနှောက်ခဲ့ပြီးနောက် ပလိုင်းရွာဘုန်းတော်ကြီးကျောင်းထဲ၌ တပ်စွဲခဲ့သည်။

လက်ရှိအချိန်တွင် ၎င်း ၃ ရွာမှ ဒေသခံ ၅၀၀၀ ကျော်သည် ဇူလိုင် ၁၈ မနက်တည်းက ယခု ဇူလိုင် ၂၀ အထိ နီးစပ်ရာ တောတောင်များထဲ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာဖြစ်စဉ်ကဲ့သို့ ၎င်းတို့ရှောင်တိမ်းနေသည့်နေရာများအထိ လိုက်လံပစ်ခတ်သတ်ဖြတ်မည်ကို စိုးရိမ်နေကြကြောင်း စစ်ရှောင်များထံမှ သိရသည်။

ဇူလိုင် ၂ တွင် PDF များ အားကောင်းသည့် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး PDF နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကာ တိမ်းရှောင်နေသောနေရာများအထိ လိုက်လံပစ်ခတ်ခဲ့၍ အပြီးသတ်တွင် PDF အဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး၊ ၅၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ရွှေဘိုမြို့နယ်မှ လတ်တလောမှာ စစ်ရှောင်နေရသော ဒေသခံများ၊ သက်ကြီးရွယ်အိုများ၊ အိမ်မွေးတိရစ္ဆာန်များပါ အခက်အခဲဖြစ်နေပြီး ရွာတွင် လုပ်လက်စ စိုက်ပျိုးရေးလုပ်ငန်းများလည်း ပစ်ထားခဲ့ရကြောင်း အထက်ပါ သက်လတ်ပိုင်း ပလိုင်းရွာသားက ပြောသည်။

“မိုးရွာပြီးပြီဆိုတော့ စိုက်ပျိုးရေးတွေက ပျိုးထောင်ရတော့မှာလေ။ ဘယ်စဉ်းစားနိုင်မှာတုန်း။ လူကိုယ်တိုင် မနည်းလွတ်အောင် ပြေးနေရတာ” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အထိုင်ချတပ်စွဲထားသည့် ပလိုင်းရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ဇူလိုင် ၁၇ ညနေပိုင်း၌ ကျေးရွာကင်းသမား ၄ ဦး သတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး တရားမျှတမှု ပြန်လည်ရယူမည်ဖြစ်ကြောင်း ဆိပ်ခွန်ပြည်သူ့ကာကွယ်ရေးတပ်ဦးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“မနက်လင်းလို့ လေးယောက်စလုံးသေပြီဆိုတာ သိတဲ့အချိန် လုံးဝ စိတ်ဓာတ်ကျသွားတယ်။ ဆုံးရှုံးမှုများတယ်ပေါ့ဗျာ။ ဒါပေမဲ့ နောက်မဆုတ်ပါဘူး။ ပိုပြီးတော့တောင် မုန်းတယ်၊ နာကြည်းတယ်၊ ဆက်ပြီးတော့ လုပ်ဖြစ်မယ်”ဟု ၎င်းအဖွဲ့ဝင်အမျိုးသားက ဆိုသည်။ 

“ရှေ့တိုးဖို့ပဲရှိတယ်။ တိုက်ခိုက်ဖို့ အကုန်ပြင်ဆင်ရမှာပဲ။ ဒါပေမဲ့ လက်နက်မမျှဘူး။ ဘယ်လိုပဲနေနေ ဖြစ်တဲ့နည်းနဲ့တော့ တော်လှန်နေမှာပဲ။ ဘယ်လောက်ပဲဆုံးရှုံးမှုတွေများများ ကျွန်တော်တို့လိုချင်တာ မရမချင်း တော်လှန်ရမှာပဲ” ဟု ၎င်းအဖွဲ့ဝင်က ဆက်ပြောသည်။ 

Show More

Related Articles

Back to top button