သတင်း

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီက လူလေးဦးကို ပစ်သတ်၊ နေအိမ်အချို့ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင် ၁၇) ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် ရွာမှ ကင်းအဖွဲ့ဝင်လေးဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“ညက ရွာကာကွယ်ရေး ပတ်ကင်းနဲ့ သူတို့(စစ်ကောင်စီတပ်ဖွဲ့) တိုးပြီးတော့ ပတ်ကင်းကို ပစ်လိုက်တာ။ ကင်းအဖွဲ့က လေးယောက်သေတယ်” ဟု ဆိပ်ခွန်ရွာသားတစ်ဦးက ​ပြောသည်။

စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် ဆိပ်ခွန်ရွာသားလေးဦးမှာ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့် ကိုအောင်ဟိန်းကျော်ဆိုသည့် လူငယ်များဖြစ်ကြောင်း သိရသည်။ 

ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ အခြားရွာခံတစ်ဦးကလည်း “ညက သေနတ်အချက် ၃၀ကျော်ပစ်တယ်။ ညဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ နံနက် ၆ နာရီ လောက်မှာ နောက်ထပ် ပစ်သံကြားရတယ်။ လူလေးယောက်ကို ပစ်သတ်ထားတယ်။ ရဲစခန်းဘက်မှာ။ သေလူကို လာကြည့်ခွင့်မပြုဘူး။ ကောက်ခွင့်မပြုဘူး” ဟု ပြောသည်။

စစ်​ကောင်စီတပ်က မျက်နှာနှင့် ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သတ်ဖြတ်ခံခဲ့ရသည့် ရွာသားလေးဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ရွှေဘိုမြို့ပေါ်သို့ သယ်ဆောင်ကာ ချက်ချင်းပင် မီးသင်္ဂြိုဟ်ခိုင်းခဲ့ကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။

“သူတို့ မြို့ကို ယူသွားပြီးမှ စိတ္တသုခကားနဲ့ ပြန်လာပို့တယ်။ မျက်နှာက ကျည်ဆန်တွေ အကုန်ထုတ်ပြီး ပြန်လာပို့တယ်။ အခုတန်းပြီး သင်္ဂြိုဟ်လိုက်ရတာ” ဟု​ အဆိုပါဒေသခံက ဆိုသည်။

ယနေ့ (ဇူလိုင် ၁၈) ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရွာအတွင်း ကားဖြင့် လှည့်လည်နေပြီး၊ ဖမ်းဆီးခံထားရသူများလည်းရှိသည်ဟု သိရသော်လည်း အရေအတွက်အတိအကျမသိကြောင်း ဆိပ်ခွန်ရွာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညပိုင်းတွင် ဆိပ်ခွန်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ယနေ့နံနက်တွင် ဆိပ်ခွန်ရွာ၊ အနီးရှိ တက်တူရွာနှင့် ပလိုင်းရွာများသို့ သွားရောက်ခဲ့စဉ် ဒေသခံများက လက်လုပ်သေနတ်များဖြင့် ခုခံတိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 

ယနေ့ နံနက် ၉ နာရီခန့်တွင် တက်တူရွာသို့ ရောက်ရှိလာပြီးနောက် စစ်ကောင်စီတပ်သည် မိုင်အနည်းငယ်သာကွာဝေးသည့် ပလိုင်းရွာသို့ အင်အား ၆၀ ခန့်ဖြင့် ဆက်လက်ထွက်ခွာရာ လမ်းတွင် ဒေသခံ ရွာသားများက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်မတို့ ရွာက တစ်ယောက်ဖမ်းသွားတယ်လို့ ကြားတယ်။ ဖမ်းသွားပြီး ရှေ့ကနေ မိုင်းရှာခိုင်းတာလို့ ပြောတယ်။ အဲဒီမှာ ပစ်ခတ်မှုဖြစ်လို့ ပလိုင်းနားလေးက ကန်သာရွာထဲကို လက်နက်ကြီးနဲ့ထုတာတဲ့။ လက်နက်ကြီးနဲ့ နှစ်လုံးထုတာကို တစ်လုံးက အရက်ဆိုင်မှန်တယ်တဲ့။ တစ်လုံးက မီးကြိုးတွေမှန်တယ်တဲ့” ဟု တက်တူရွာသူတစ်ဦးက ပြောသည်။

၎င်းကပင် ဆက်လက်ပြီး “ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ထားခဲ့တာ အခု သုံးအိမ်လောင်နေပြီ။ သူတို့ဘက်လည်း အထိအခိုက်မရှိဘူး ကျွန်မတို့ဘက်လည်း အထိအခိုက်မရှိဘူး။ ကျွန်မတို့ဘက်က လက်နက်အင်အားမမျှလို့ နောက်ဆုတ်သွားတာ” ဟု ပြောသည်။ 

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း ရွာသူရွာသားများ ထိခိုက်မှုမရှိခြင်းမှာ စစ်ကောင်စီတပ်များ ရောက်မလာခင်ကတည်းက ကြိုတင်တိမ်းရှောင်နေခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါ တတ်တူရွာသူက ဆိုသည်။

စစ်ကောင်စီတပ်သည် ယနေ့ညပိုင်းတွင် တက်တူရွာ၌ တပ်စွဲမည်ဖြစ်ရာ ရွာခံများမပြန်ရဲသဖြင့် တောထဲ၌ ဆက်လက်တိမ်းရှောင်နေရသည်ဟု သိရသည်။

“တက်တူ၊ ပလိုင်းအပါအဝင် ဒီနားက ရွာလေးရွာမှာတော့ တစ်ယောက်မှ မနေရဲကြဘူး။ အခု ပြေးနေကြတာ တောတွေတောင်တွေထဲမှာ။ မနေ့ည ၁၀ နာရီလောက်ကတည်းက အခုအချိန်ထိ ရွာကို မပြန်ရဘူး။ ထမင်းတောင်မှ ဒီနေ့ညနေမှစားရတာ” ဟု ယနေ့ည ၈ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် တက်တူရွာသူက ပြောသည်။ 

Show More

Related Articles

Back to top button