သတင်း

ပေါက်မြို့နယ် မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်အထိနာ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကြည့်ငိုတောင်ဒေသတွင် ယခုရက်များအတွင်း ဒေသခံ ပြောက်ကျားအဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ဆယ်ဂဏန်းရှိကြောင်း သိရသည်။

ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြောက်ကျားအဖွဲ့က ဇူလိုင် ၁၅ နှင့် ၁၈၊ ၁၉ ရက်နေ့များတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံနှစ်ဦးက ပြောသည်။

“စစ်ကောင်စီက ချေမှုန်းခံခဲ့ရလို့ အခဲမကျေဖြစ်နေတာ။ အဲဒါ ၁၅ ရက်(ဇူလိုင်)နေ့ ကတည်းက ထန်းတောလယ်ရွာအထိ ကားရှစ်စီးနဲ့ ၁၃၀ (အင်အား) လောက်လာတာ။ ကင်းဆုတ်၊ ကင်းမကို ခြေလျင်လာတပ်စွဲတယ်လို့ သိရပါတယ်။ ရွာသားတွေအားလုံး တောထဲ ရှောင်နေကြရတာ။ ကြည့်ငိုတောင်လမ်းကို ရှင်းလင်းရေးလုပ်တာမှာ ပြောက်ကျားတွေထောင်တဲ့ မိုင်းမိပြီး သေကြတယ်လို့ ပြောပါတယ်” ဟု ပေါက်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

ဒလန်၏ သတင်းပေးမှုအရ စစ်ကောင်စီတပ်ဖွဲ့သည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ကြည့်ငိုတောင်ဒေသသို့ ဝင်ရောက်လာရာ ဇူလိုင် ၁၈၊ ၁၉ ရက်များတွင်လည်း ဒေသခံ ပြောက်ကျားအဖွဲ့က ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် စစ်​ကောင်စီတပ် အထိနာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးပြီး၊ ဇူလိုင် ၁၉ ရက်တွင် ၁၂ ဦး ထပ်မံသေဆုံးသည်ဟု ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၄၄ ဦး သေတာ သေချာပါတယ်။ ထော်လာဂျီနဲ့ အလောင်းသယ်တယ်လို့ သတင်းရပါတယ်။ နောက်ရက်တွေမှာ အင်အားတိုးပြီး လာမယ်လို့ ခန့်မှန်းရပါတယ်” ဟု ​​အထက်ပါ ပေါက်မြို့နယ်ဒေသခံက ပြောသည်။ 

ယနေ့ (ဇူလိုင် ၂၀ရက်) နံနက်ပိုင်းတွင်လည်း ပေါက်မြို့နယ် ရှားလှရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းရသည်ဟု ပေါက်မြို့ခံတစ်ဦးက ပြောပြသည်။

“ကြည့်ငိုတောင်က မနေ့က ၁၂ ယောက် မိုင်းမိတာပေါ့။ ဟိုတစ်နေ့က ၃၀ ကျော်ပေါ့။ ဒီနေ့ ရှားလှရွာဘက်မှာ ဖြစ်တာရောဆိုရင် စစ်ကောင်စီဘက်က ၅၀ ကျော်လောက်ကျပြီ။ ဒီမနက်က ၁၂ ယောက်လို့ ကြားတယ်။ ရှားလှရွာက ဆိပ်ဖြူနဲ့ ပေါက်နဲ့အစပ်မှာ” ဟု ၎င်းက ဆက်​ပြောသည်။

ပေါက်မြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ကြည့်ငိုတောင်ဒေသတွင် ကျေးရွာအချို့မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အသတ်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာများကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သည်။ မေလကုန်ပိုင်းတွင် ပေါက်မြို့နယ်တောင်ပိုင်းသို့ ချီတက်လာသော စစ်တပ်ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ရွာလုံးကျွတ် မီးလောင်ကျွမ်းခဲ့သည့် ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမရွာကို ဇွန်လကုန်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) 

ဇွန် ၁၅ ရက်တွင် အဆိုပါဒေသရှိ ကင်းမရွာသို့ ချီတက်လာသည့် ရဲတပ်ဖွဲ့ဝင်များ လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ယင်းနေ့၌ပင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ကင်းမရွာသို့ ရောက်လာပြီး ရွာကို မီးတင်ရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည်။ 

ရွာထဲတွင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံးခဲ့သည့်အပြင် ဒေသခံရွာသားများ၏ နေအိမ်များ၊ စားနပ်ရိက္ခာများ၊ ကောက်ပဲသီးနှံများနှင့် အိမ်မွေးတိရစ္ဆာန်များလည်း ဆုံးရှုံးခဲ့ရသည်။ 

ကင်းမရွာမီးရှို့မှုကို စစ်ကောင်စီက ဝန်ခံခြင်းမပြုသည့်အပြင် ဒေသခံရွာသားများက မီးရှို့ခဲ့ခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်ခြင်းများနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသအသီးသီးတွင် ဒေသခံပြည်သူများက ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း ကျေးရွာများရှိ ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

Show More

Related Articles

Back to top button