ပေ ၁၀၀ ခန့်ရှည်သည့် လမ်းသွယ်လေးထဲ ဝင်လာသူတို့ကို သံဆူးကြိုး အရံအတားများဘေးမှ လက်နက်ကိုင်စစ်သား တစ်ဒါဇင်ခန့်က မျက်နှာထားတင်းတင်းဖြင့် စစ်ဆေးမေးမြန်းနေကြသည်။
ရန်ကုန်၊ တာမွေမြို့နယ်မှ လူနေထူထပ်သည့် ကျားကွက်သစ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးတည်ရှိသည့် ဤလမ်းသည် ဧည့်စာရင်းမတိုင်လျှင် ထောင်ချမည်ဆိုသည့် ကြေညာချက်ကြောင့် ဧည့်စာရင်းလက်ခံချိန်တိုင်း စည်ကားခဲ့ဖူးသည်။
သို့သော်လည်း ရုံးသို့သွားသူသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သူ့နေအိမ်ရှေ့ ကားအတွင်း ပစ်သတ်ခံရပြီးနောက်တွင် နည်းသည်ထက်နည်းလာပြီး ဧည့်စာရင်းလည်း လိုက်မစစ်တော့ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတို့က ပြောသည်။
ရုံးတွင်လည်း စစ်သားများသာရှိတော့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
“အခုက ရပ်ကွက်ထဲ ဧည့်စာရင်းစစ်မစစ်တော့ မသိဘူး၊ သူတို့ရုံးတောင်သူတို့ လုံခြုံအောင် မနည်းပြန်စောင့်နေရတဲ့ အနေအထား” ဟု အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
အာဏာသိမ်းပြီး ၅ လကျော်ကြာလာချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီး ပြည်သူတို့ ငြိမ်ဝပ်ပိပြားသွားအောင် စစ်ကောင်စီက ကြိုးစားနေသကဲ့သို့ ထိုကြိုးပမ်းမှု အရာမထင်စေရန် တန်ပြန်သည့် လှုပ်ရှားမှုများနှင့်လည်း ရင်ဆိုင်လာနေရသည်။
ထိုလှုပ်ရှားမှုများတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွင် ပါဝင်သူအများအပြားကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ရုံးများကို တိုက်ခိုက်ဖျက်ဆီးခြင်းတို့ ပါဝင်သည်။
၅ လ အတွင်း ၅၀ ကျော် အသတ်ခံရ
၄၅ နှစ်အရွယ်ခန့်ရှိသည့် ဒေါ်စိုးစိုးလွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်စက ဆန္ဒပြလူငယ်များကို ဖမ်းဆီးရာတွင် ကိုယ်တိုင်လိုက်ပါတတ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။ တာဝန်ယူပြီး နှစ်လကျော်အကြာ ဇွန် ၈ ရက်တွင် အသတ်ခံရပြီး ယနေ့အထိ သူ့နေရာကို အစားထိုးနိုင်ခြင်းမရှိသေးပေ။
ဘေးချင်းကပ်လျက် ပုသိမ်ညွန့်ရပ်ကွက်တွင် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးနေလင်းဦးကို ဧပြီမှစ၍ ပြန်ခန့်ထားသော်လည်း ရုံးပြန်ဖွင့်ခါစရက်ပိုင်းသာ ရုံးထိုင်သည်ကို တွေ့ရသည်၊ ဧည့်စာရင်းစာရွက်များတွင် သူ့ကိုယ်စားလက်မှတ်ထိုးပေးခဲ့သူမှာ ဗိုလ်ကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။
ဇွန်လကုန်ပိုင်းမှစ၍ ရုံးသော့ခတ်ထားကြောင်း ဧည့်စာရင်းတိုင်ရန် ကြိုးစားခဲ့သူတချို့က ပြောသည်။
“ဒီလောက် တဒိုင်းဒိုင်းပစ်သတ်နေတာဗျာ။ ဒါမှ လုပ်ရဲရင်လည်းလုပ်ပေါ့။ အခုကလည်း သူတို့ (စစ်ကောင်စီ) ကိုယ်တိုင် မကာကွယ်ပေးနိုင်တော့ဘူးနေမှာပေါ့၊ ဘယ်သူမှ ရုံးမလာရဲတော့ဘူး” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။
ဇွန်လဆန်းပိုင်းမှစ၍ စစ်ကား၊ ရဲကားများကို ယခင်ကလောက် မတွေ့ရတော့ကြောင်း ကျောက်မြောင်းသားများက ပြောသည်။
မေ ၃ ရက်က သာကေတမြို့နယ် ၇ အနောက်ရပ်ကွက်မှ အသက် ၅၀ နီးပါးရှိသူ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ကို ဓားကိုင်အမျိုးသား ၃ ဦးက နေအိမ်ထဲဝင်ကာ သတ်ဖြတ်ခဲ့သည်။
၎င်းသည် ရပ်ကွက်အတွင်း သံပုံးတီးတာမရှိစေရဟု ကြိမ်းမောင်းခဲ့သည့် ဒလန်အကြီးစားဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
Myanmar Now က ရရှိထားသည့် စာရင်းများအရ အာဏာသိမ်းပြီး ၅ လကျော်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ဒလန် စုစုပေါင်း ၅၀ ကျော်အထိ ရှိနေပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၉ ဦး ပါဝင်သည်။
စစ်ကောင်စီက ရပ်ကွက်အတွင်း လူများ၊ အိမ်များ ရှာဖွေရခက်သည့်အခါ ၎င်းတို့ကို လမ်းပြသဘောမျိုး ခိုင်းစေလေ့ရှိသည်။
ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဦထွန်းရည်သည် ဇွန် ၃ ရက်က လမ်းဆုံတစ်ခုတွင် ၎င်း၏ ကားအတွင်း၌ ရှိနေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
“အုပ်ကြီးပစ်ခံရပြီးနောက်ပိုင်း ရပ်ကွက်ရုံးကို လုံခြုံရေးယူတာမရှိတော့ဘဲ ညနေဘက်ဆို စစ်ကားနဲ့ ရပ်ကွက်ထဲ လမ်းမကြီးတွေမသုံးဘဲ လမ်းသွယ်ထဲကနေ ပတ်တာ။ သူတို့ကသာ သေနတ်ကြီးတွေ အပြင်ထုတ်ပြီး အသင့်အနေအထားနဲ့ပတ်နေတာ၊ ရပ်ကွက်ထဲကလူတွေက ပုံမှန်ပဲ” ဟု ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
ရုံးကို သော့ခတ်ပိတ်ထားသည်။ အနီးအနားရှိ အခြားသော ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများလည်း ထွက်စာတင်ထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီး အဆိုပါရုံးများတွင် အုပ်ချုပ်ရေးမှူးများရုံးမထိုင်တော့ဘဲ စာရေးများသာရှိပြီး နေ့စဉ် ညနေပိုင်း ၂ နာရီခန့်သာ ရုံးဖွင့်တော့သည်ဟု သိရသည်။
အုပ်ချုပ်၍ မရစေရ
မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှ ၅၈ နှစ်အရွယ် ဒေါ်သက်သက်ချိုသည် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရာထူး လက်ခံလိုက်ရာ လူထုက လက်မခံသဖြင့် ရုံးတွင်သာ နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင် ၁၄ တွင် သေနတ်သမားတစ်ဦးက သူ့ကို မြစ်ငယ်ဈေးရှေ့၊ ဈေးဝင်ပေါက်ဂိတ်တွင် အနီးကပ်ပစ်သတ်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မန္တလေး) အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထိုနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ဇွန် ၁၂ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူးများအပါအဝင် သတ်ဖြတ်ခံရသည့် “အပြစ်မဲ့ပြည်သူ“ ၁၇၃ ဦးအထိ ရှိနေပြီဟု ပြောသည်။
သတ်ဖြတ်မှုများက ဆက်ရှိနေသည်။ ဇူလိုင် ၆ တွင် ဒဂုံဆိမ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးခင်ဦးနှင့် အဖော်တစ်ဦး အသတ်ခံရသည်။ ထိုနေရာသည် ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၆ မြို့နယ်ထဲတွင် ပါဝင်သည်။
စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံကြောင်း ခိုင်ခိုင်မာမာပြသသည့်အနေဖြင့် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့မှာ ဒေသခံများနှင့် သက်ဆိုင်ရာ မြို့နယ် PDF များ၏ ဗုံးခွဲ၊ မီးရှို့မှုကို ခံကြရသည်။
လက်သည်မပေါ်သည့် အမှုတစ်ခုမှာ ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးရှို့ခံရမှုဖြစ်သည်။ ဧပြီ ၁၉ ရက် နေ့လယ်ခင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးခိုးတလူလူ တက်လာတော့မှ ရပ်ကွက်ရုံးမီးလောင်မှန်းသိရပြီး အချိန်မီ မီးမငြိမ်းနိုင်သောကြောင့် ရပ်ကွက်ရုံး ပြာကျသွားသည်။
အုပ်ချုပ်ရေးမှူးကို ရပ်ကွက်အတွင်းမတွေ့ရတော့သည့်နောက်ပိုင်း ၎င်းနေရာတွင် အခြားရပ်ကွက်တွင် နေသူတစ်ဦးကို တာဝန်ပေးထားရသည်။
ရပ်ကွက်ရုံးမီးလောင်ပြီးနောက်ပိုင်း ဧည့်စာရင်းမစစ်နိုင်တော့သလို ယာယီရုံးဖွင့်ထားသည့် နေရာသို့လည်း ဧည့်စာရင်းတိုင်ကြားသူ မလာကြကြောင်း ဒေသခံများက ပြောသည်။
အုပ်ကြီးတို့အတွက် မက်လုံး
လက်နက်ကိုင်လုံခြုံရေးပေးပြီး ဖွင့်ခဲ့ရသည့် အင်းစိန်မြို့နယ် ပေါက်တော၊ မြို့သစ် က/ခ ရပ်ကွက်ရုံးတို့ကို ပြန်ပိတ်ထားရကြောင်း၊ စစ်ကားများဖြင့် လှည့်လည်စောင့်ကြည့်ခြင်းမျိုးလည်း မတွေ့ရတော့ကြောင်းလည်း ဒေသခံများက ပြောသည်။
ဧပြီလဆန်းက ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူးများ အင်တိုက်အားတိုက် ခန့်အပ်၊ ရုံးများဖွင့်ခဲ့သော်လည်း လုံခြုံရေးချထားသည့် စစ်သားများကို ပြန်လည်ရုပ်သိမ်းသွားပါက ရုံးပြန်ပိတ်ရဖွယ် ရှိနေသည်။
ရလာမည့်အကျိုးစီးပွားများကို မျှော်လင့်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ယူရန် အရဲစွန့်ကြခြင်းဖြစ်မည်ဟု ရန်ကုန်ဒေသခံတချို့က ဆိုသည်။
တရားဝင်လစာ ၇၀၀၀၀ သာရှိသော်လည်း အာဏာတည်မြဲလာပါက မက်မောဖွယ်ဝင်ငွေရနိုင်သည်။
ရပ်ကွက်အတွင်း အိမ်ခြံမြေအရောင်းဝယ်အပါအဝင် လုပ်ငန်းတချို့ထံမှ ငွေကြေး၊ အငြင်းပွားမှုများမှ လာဘ်ငွေ၊ လက်ဆောင်တို့လည်း ရရှိတတ်ရာ စည်ကားသည့် ရပ်ကွက်များတွင် အုပ်ကြီးတို့၏ အိတ်ထဲသို့ လစဉ် ကျပ်သိန်းဆယ်ဂဏန်းခန့် ဝင်ကြသည်။
လိုင်စင်မရှိဘဲ နေရာအနှံ့ ဖွင့်ထားကြသည့် အရက်ဆိုင်၊ ဘီယာဆိုင်များမှာ ရဲစခန်းနှင့် ရပ်ကွက်ရုံးများကို ဆက်ကြေးပေးရသည်။
အဆိုပါ တရားမဝင်လစဉ်ကြေးများမှာ အုပ်ကြီးတို့အတွက် အဓိကဝင်ငွေရလမ်းဖြစ်သည်ဟု NLD အစိုးရလက်ထက် စမ်းချောင်းမြို့နယ် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ဦးတင်ထက်ကိုက ပြောသည်။
အုပ်ချုပ်ရေးမှူးတစ်ရုံး၏ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူး၊ ရာအိမ်မှူး၊ လမ်းကိုယ်စားလှယ်များဖြစ်သည့် ဆယ်အိမ်မှူးတို့ဖြင့် ဖွဲ့စည်းထားသည်။
အာဏာသိမ်းပြီးနောက် စမ်းချောင်းမြို့နယ်အတွက် လိုအပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာများအတွက် လူဟောင်း ၆ ဦး၊ လူသစ် ၁၂ ဦး ခန့်အပ်ထားသော်လည်း လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်သေးဟု ဦးတင်ထက်ကိုက ပြောသည်။
“ပြည်သူအတွက် ကောင်းကျိုးပေးမယ့် အုပ်ချုပ်ရေးမှူးဆိုရင်တော့ ကောင်းတာပေါ့။ အခုကတော့ ပြည်သူကို ဒုက္ခပေးမယ့် အုပ်ချုပ်ရေးမှူးတွေဖြစ်လာမယ်လို့ပဲ မြင်တယ်” ဟု ဦးတင်ထက်ကိုက သုံးသပ်သည်။
“လက်ရှိအုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်လိုက်တယ်ဗျာ။ ခန့်အပ်လိုက်ပေမယ့်လည်း အကြောက်တရားနဲ့ အုပ်ချုပ်နေရတာ။ ရုံးမှာသာ နာမည်ရှိတယ်၊ ရုံးတောင်မထိုင်ရဲကြဘူးလေ”
အုပ်ကြီးများကို ကြီးကြပ်ရသည့် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စာရေး ၈ ဦးခန့်မှာ CDM ပြုလုပ်ထားသည့်အတွက် လုပ်ငန်းလည်ပတ်ရန် ခက်ခဲသည်ဟု သူက ပြောသည်။
သူကိုယ်တိုင်ကမူ ဆန္ဒပြသူများကို လိုက်လံကူညီပေးခဲ့ပြီး မကြာသေးခင်က ပိုမိုလုံခြုံသည့် နေရာတစ်ခုသို့ တိမ်းရှောင်ရန် ရန်ကုန်ကို စွန့်ခွာခဲ့သည်။
နုတ်ထွက်ခြင်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးယန္တရား မည်မျှလည်ပတ်နေသည်ကို မသိနိုင်သေးသော်လည်း လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေချိန်တွင် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့ပိတ်သိမ်းသွားသလို အချို့ရုံးများလည်း နာရီပိုင်းသာ ဖွင့်နိုင်တော့သည်။
ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဆိုသလိုဖြစ်နေသည့် မန္တလေးမြို့တွင်လည်း ဖွင့်နိုင်သည့် အုပ်ချုပ်ရေးမှူးရုံးအနည်းငယ်သာ ရှိနေပြီး ထိုရုံးများ ရှေ့တွင်လည်း လက်နက်ကိုင်တစ်ယောက်သာ ရှိကြသည်ကို တွေ့ရသည်။ ယခင်က တစ်ရုံးလျှင် ၅ ယောက်ခန့် ရှိခဲ့ဖူးသည်။
မြို့တွင်း တိုက်ခိုက်ခံရမှုကြောင့် စစ်သားများသေဆုံးခြင်း၊ အထိနာသည့် တိုက်ပွဲဒေသများသို့ အင်အားဖြန့်ခွဲပို့ဆောင်ရခြင်းများကြောင့် လုံခြုံရေးမပေးနိုင်တော့ဘဲ ရုံးများပိတ်ထားရခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံတချို့က သုံးသပ်သည်။
တိုက်ပွဲများဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဇွန်လကုန်ပိုင်းက မြို့နယ်ထွေအုပ် ဒုးစီးမှူး ဦးချမ်းမြေ့အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝင်းသောင်းတို့ နုတ်ထွက်ကြသည်။
ဇူလိုင်လဆန်းပိုင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးဝန်းကျင် ထွက်စာတင်ကြသည်။
ကောလင်းကဲ့သို့ စစ်ကောင်စီ၏ အုပ်ချုပ်မှူကို မခံလိုသည့် မြို့နယ်တို့က စစ်ကောင်စီတပ်များကို ရရာလက်နက်များနှင့် အပြင်းအထန်ခုခံနေသလို ရန်ကုန်၊ မန္တလေးစသည့် မြို့ပြနေ ခုခံရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ရိုက်ချိုးနိုင်ရန် ကြိုးစားမှုများက အရှိန်မြင့်နေသည်။
ပြည်သူက မပူးပေါင်းသည့်အတွက် အုပ်ချုပ်၍ရမည်မဟုတ်၊ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူတို့လည်း လက်ရှိအချိန်တွင် အကြောက်တရားနှင့် နေထိုင်နေကြရမည်သာဖြစ်သည်ဟု စမ်းချောင်းအုပ်ကြီးဟောင်း ဦးတင်ထက်ကိုက ပြောသည်။
“ယန္တရားလည်ပတ်လို့ရလားလို့ပြောရင် ဘယ်လိုလုပ်လည်ပတ်နိုင်မလဲ။ တကယ်တမ်းဝိုင်းကူမယ့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ပြည်သူ ဘယ်လိုလုပ် သူတို့ကို ပူးပေါင်းမလဲ။ လက်ရှိ ကျွန်တော်တို့ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုရင် အိမ်ထဲက အိပ်ပြင်တောင် မထွက်တော့ဘူးလို့ ကြားရတယ်”ဟု ဦးတင်ထက်ကိုက ပြောလိုက်သည်။