
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ လူ လေးထောင်ဝန်းကျင်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယမန်နေ့ (ဇူလိုင် ၁၄) ညနေပိုင်းက စပြီး အသွားအလာ ကန့်သတ်လိုက်သည်။
စခန်းတွင် အိမ်ထောင်စု ၇၇၅ စု၊ လူဦးရေ ၃၉၀၁ ဦးရှိပြီး မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၂ ခု အနက် လူဦးရေအများဆုံး ခိုလှုံနေသောစခန်းတစ်ခုဖြစ်ကြောင်း စခန်းတာဝန်ခံ မဥမ္မာနွယ်က ပြောသည်။
“မနေ့က ညနေပိုင်းကနေ Lockdown ချလိုက် (အသွားအလာ ကန့်သတ်လိုက်) ပါတယ်။ အချိန်ဘယ်လောက်ကြာကြာ ချမလဲဆိုတာကိုတော့ မသိသေးပါ။ ပိုးတွေ့လူနာမိသားစုတွေကိုလည်း အခု မြောက်ဦး (ဆေးရုံ) ကို ပို့ဖို့လုပ်နေပါတယ်” ဟု မဥမ္မာနွယ်က ဆိုသည်။
ထိုအမျိုးသမီးနှင့် ဆက်စပ်သည့် မိသားစုဝင်နှစ်ဦးနှင့် ဘုရားကြီးကျေးရွာမှ ကျန်မိသားစုဝင် နှစ်ဦးကိုလည်း မြောက်ဦးသို့ပို့မည်ဟု ၎င်းက ဆက်ပြောသည်။
အသက် ၄၀ ကျော်အရွယ်ရှိ ထိုအမျိုးသမီးသည် ဖျားနာနေသောကြောင့် မြောက်ဦးဆေးရုံသို့ လာရောက်ပြသရာမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စခန်းအနီးတစ်ဝိုက်မှ ရွာများကိုလည်း ယနေ့ (ဇူလိုင် ၁၅ ) မှစ၍ အသွားအလာကန့်သတ်လိုက်ပြီ ဖြစ်သည်။
“အခုက ရွာတွေကိုလည်း Lockdown ချထားတယ်။ ကယ်ဆယ်ရေး (စစ်ရှောင်စခန်း) လည်း Lockdown ချထားတယ်ဆိုတော့ စားဝတ်နေရေးက လုံးဝအခက်အခဲဖြစ်နေတယ်။ အဲဒီကိစ္စ ပိုလို့ စိုးရိမ်စရာ ဖြစ်နေတယ်” ဟု မဥမ္မာနွယ်က ပြောသည်။
ထိုသို့ အသွားအလာကန့်သတ်လိုက်သောကြောင့် စခန်းတွင်နေထိုင်သူများအတွက် စားသောက်ရေးအခက်အခဲ ပိုဖြစ်စေသော်လည်း ဒေသတွင်း ထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေရေး လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူ မြတန်ဆောင်ဆရာတော် ဦးနန္ဒာစာရက မိန့်ကြားသည်။
“စားနပ်ရိက္ခာကတော့ အခက်အခဲဖြစ်လာမယ်။ အဲဒီစခန်းကို ICRC (အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ) ကတော့ လစဉ်ထောက်ပံ့ပါတယ်။ ထောက်ပံ့တဲ့ပစ္စည်းက ဆန်အပါအဝင် ဆီ၊ ဆား၊ ငရုတ် ပစ္စည်း ၆ မျိုး ပေးပါတယ်။ ဟင်းတွေ၊ ငါးတွေကျတော့ ကိုယ့်ဟာကို ရှာစားရတယ်။ ဆိုလိုတာက မိသားစုတစ်စု၏ စားဝတ်နေရေးကို ICRC က ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပါတယ်။ ကျန် ၅၀ ရာခိုင်နှုန်းကို စစ်ဘေးရှောင်တွေက ကိုယ့်ဟာကိုယ် ရှာစားကြရပါတယ်” ဟု ဦးနန္ဒာစာရက မိန့်သည်။
စခန်း၌ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရန် လက်ဆေးဘေစင်များ ထားရှိပေးထားသော်လည်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ မဥမ္မာနွယ်ထံမှ သိရသည်။
“Mask လည်းမရှိ။ လက်သန့်ဆေးရည်တွေလည်း မရှိ။ မနှစ်က ပေးတာကလည်း (အခု) မရှိတော့ဘူး။ အခု နောက်ပိုင်းတော့ လှူတဲ့လူလည်းမရှိတော့ တစ်ခုမှမရှိဘူးဖြစ်နေတယ်” ဟု ၎င်းစခန်းတာဝန်ခံက ဆိုသည်။
နှစ်နှစ်တာ စစ်ပွဲများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်နေသည်မှာ ၉ လခန့် ရှိလာသော်လည်း စစ်ရှောင်အများစုသည် နေအိမ်များပျက်စီးခြင်း၊ စစ်တပ်တပ်စွဲထားခြင်းနှင့် စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးဘဲ မြို့ပေါ်နှင့် နီးစပ်ရာ စစ်ရှောင်စခန်းများတွင် သိန်းဂဏန်းခန့် ဆက်လက်ခိုလှုံနေကြရသည်။
ထို့ပြင် စစ်ရှောင်စခန်းများသည် လူနေကျပ်သိပ်ကာ တစ်အိမ်ထောင်စုနှင့် တစ်အိမ်ထောင်စု မလှမ်းမကမ်းတွင် နေထိုင်ရသောကြောင့် ပိုးကူးစက်မှုအန္တရာယ် မြင့်မားနေသည်။
ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းတွင်လည်း ရခိုင်ပြည်နယ်သည် ကိုဗစ်ကူးစက်မှုဒဏ် အကြီးအကျယ်ခံစားခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် ပိုးတွေ့ရှိသူများလာပြီး ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်တက်လာ၍ နယ်စပ်ဂိတ်များကို ဇူလိုင် ၁၅ မှ လကုန်အထိ၊ စာသင်ကျောင်းများကို ဇူလိုင် ၉ မှ ၂၃ အထိ စစ်ကောင်စီက နှစ်ပတ်ကြာ ပိတ်ထားခဲ့သည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် မေ ၂၅ မှ ဇူလိုင် ၁၄ အထိ ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံနေရသူ ၈၂၂ ဦး ရှိပြီး သေဆုံးသူ ၂၂ ဦး ရှိသည်။
ထို့ပြင် ဇူလိုင်လဆန်းက ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၅၀ ကျော်တွင် အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ကောင်စီကျန်းမာရေးဌာနမှ စစ်ဆေးချက်များအရ ဇူလိုင် ၁၄ ထုတ်ပြန်ချက်တွင် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာ ၇,၀၈၃ ဦး တွေ့ရှိရပြီး အတည်ပြုလူနာစုစုပေါင်း ၂၀၈,၃၅၇ ဦး ရှိပြီဟု ထုတ်ပြန်ထားသည်။