ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီးတွင် ယနေ့ (ဇူလိုင် ၁၄) မွန်းလွဲပိုင်းက အိမ်စီးကားတစ်စီးကို အရပ်ဝတ်လက်နက်ကိုင်များက ဝိုင်းဝန်းပစ်ခတ်ခဲ့သလို မြို့နယ်လျှပ်စစ်ရုံးရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီကျော်က တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရန်ကြီးအောင်လမ်းပေါ်၌ မောင်းနှင်လာသည့် ဟွန်ဒါဖစ်မော်တော်ယာဉ်ကို အရပ်ဝတ်လက်နက်ကိုင်များလိုက်လံပစ်ခတ်ရာ စီးနင်းလိုက်ပါလာသူများထဲမှ သေဆုံးသူရှိခဲ့ကြောင်း ဒေသခံလေးဦးက Myanmar Now ကို အတည်ပြုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင်ပါရှိသူ သုံးဦးသေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မျက်မြင်တွေ့ရှိသူကို ကိုးကား၍ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်မှာ သေဆုံးသူမှာ အမျိုးသားတစ်ဦးသာဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်ကို လိုက်လံပစ်ခတ်သည့် အရပ်ဝတ်လက်နက်ကိုင်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟု ယူဆရပြီး အချက်ပေါင်းများစွာပစ်ခတ်ခံရပြီးနောက် ဟွန်ဒါဖစ်မှာ လမ်းဘေးသို့ ထိုးကျရပ်တန့်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“တစ်ယောက်ကျသွားတယ်။ ကားက တော်တော်စုတ်ပျက်သွားပြီတဲ့။ အရပ်ဝတ်နဲ့ပစ်ခတ်နေတာ သူတို့ (စစ်တပ်) မှမဟုတ်ရင် ပြည်သူတွေမှာ လက်နက်ရှိလို့လား။ ဘာလို့ အရပ်ဝတ်နဲ့လှုပ်ရှားကြလဲဆိုရင်တော့ ရှင်းပါတယ် သူတို့ကြောက်လို့ပါ” ဟုလည်း အထက်ပါ အမျိုးသမီးက မှတ်ချက်ပြုသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားအပြီး ၁၀ မိနစ်ခန့်အကြာတွင် ရန်ကြီးအောင်လမ်းအတွင်းရှိ အိမ်တစ်အိမ်သို့ အိမ်စီးကားဆယ်စီးခန့်ဖြင့် ရောက်လာသည့် အရပ်ဝတ်လက်နက်ကိုင်များက လူငယ်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။
“ညောင်ပင်နားက အိမ်တစ်အိမ်ကို အရပ်ဝတ်တွေနဲ့ ဝိုင်းပြီး ကောင်လေးတစ်ယောက်ကို ခေါ်သွားတယ်။ အဲဒါက ၂ နာရီခွဲလောက်မှာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ညနေ ၄ နာရီခန့်တွင် ကန်အောက်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲခဲ့ပြီး အိမ်စီးကားတစ်စီးပျက်စီးကာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရသည်ဟုလည်း ဒေသခံအချို့နှင့် ဒေသတွင်းသတင်းဌာနများက အတည်ပြုထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို တောက်လျှောက်ဆန့်ကျင်သည့် တောင်ကြီးမြို့တွင် စစ်တပ်က ပစ်ခတ်၊ ရိုက်နှက်၊ ဖြိုခွင်းဖမ်းဆီးသည့်နောက် ဆန္ဒပြပွဲများ ငြိမ်သက်သွားခဲ့ရာမှ ဇွန်လမှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအချို့ ပေါ်ပေါက်နေသည်။
အာဏာသိမ်းပြီး ငါးလအတွင်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ပြည်သူ ၉၁၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး AAPP ၏ စာရင်းကို ငြင်းဆန်လေ့ရှိသည့် စစ်ကောင်စီကမူ လူသေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်လေ့မရှိပေ။