
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုးဌေးကို မမိ၍ နေအိမ်မှ ဖမ်းခေါ်သွားသည့် ၎င်း၏ ဇနီးနှင့် သမီးကို စစ်ကောင်စီက ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ် ၅၀၅(က) ဖြင့် ထောင်သုံးနှစ်စီ ချလိုက်သည်။
ဦးစိုးဌေး၏ အသက် ၄၄ နှစ်အရွယ် ဇနီးဖြစ်သူနှင့် အသက် ၁၈ နှစ်အရွယ် သမီး မသိမ့်စန္ဒီစိုးတို့ ထိန်းသိမ်းခံရမှု တစ်လပြည့်သည့် ယနေ့(ဇူလိုင်၁၃)တွင် မိုးကုတ်ထောင်တွင်းတရားရုံးက ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရဲနှင့် စစ်တပ်၏ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အမျိုးသမီးများအပေါ် ဂုဏ်သိက္ခာမဲ့ ရက်စက်စွာပြုမူခြင်း၊ ကလေးသူငယ်များအပေါ် လူမဆန်စွာပြုမူခြင်း၊ လူထုကို သတ်ဖြတ်ခြင်းတို့အပေါ် ဇနီးနှင့် သမီးတို့က ဆန့်ကျင်ခဲ့ကြကြောင်း ဦးစိုးဌေးက ၎င်း၏ Facebook တွင် ပြောသည်။
“စစ်တရားရုံးက တရားသူကြီးအပါအဝင် စစ်ကောင်စီတရားစီရင်ရေးကို သပိတ်မှောက်ကြတဲ့ စုထက်ဝိုင်းအမေနဲ့ အမဖြစ်သူ သိမ့်စန္ဒီစိုးတို့ သားမိနှစ်ယောက်ကို ထောင်သုံးနှစ် ချလိုက်ပါတယ်” ဟုလည်း ဦးစိုးဌေးက အတည်ပြုထားသည်။
အာဏာသိမ်းမှုကို ဆန္ဒပြလှုပ်ရှားမှုများကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဝရမ်းထုတ်ထားသူ ဦးစိုးဌေး၏ နေအိမ်သို့ လာရောက်ရှာဖွေချိန်တွင် ၎င်းမှာ တိမ်းရှောင်နေသဖြင့် ဖမ်းဆီး၍ ထောင်ချခံရသည့် အထက်ပါ မိသားစုဝင်နှစ်ဦးအပြင် အသက် ၅နှစ်အရွယ် မိန်းကလေးငယ်ကိုပါ စစ်ကောင်စီက တစ်ပါတည်း ဖမ်းခေါ်သွားသေးသည်။
ကလေးငယ်ကို ၁၈ရက်ခန့်အကြာ (ဇွန်၃၀)တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီးနောက် ကိုးတန်းကျောင်းသား၊ အသက် ၂၄နှစ်အရွယ် သမီးတစ်ဦးနှင့်အတူ ပုန်းရှောင်နေရသည့် ၎င်းထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးစိုးဌေးက အတည်ပြုထားသည်။
ဇနီးနှင့်အတူ ထောင်ဒဏ်ချမှတ်ခံရသည့် သမီး မသိမ့်စန္ဒီစိုးသည် နဂိုကပင် သွေးလေးဖက်နာဝေဒနာသည်ဖြစ်၍ တစ်ပတ်တစ်ကြိမ် ဆေးကုသမှုခံယူနေရသူဖြစ်ကာ စစ်ကြောရေးအတွင်း နှိပ်စက်ခံခဲ့ရသည်ဟုလည်း ကြားရသဖြင့် ကျန်းမာရေးအခြေအနေအပေါ်စိုးရိမ်ရကြောင်း ဦးစိုးဌေးက ပြောထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၎င်းတို့အလိုရှိသူကို မမိလျှင် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည့်ဖြစ်စဉ်များ နိုင်ငံအနှံ့ပေါ်ပေါက်နေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန် ၄ရက်အထိ စာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူပေါင်း ၇၆ ဦးအထိ ရှိနေပြီး ထိုအထဲတွင် အငယ်ဆုံးမှာ အသက် ၂နှစ် အရွယ်ဖြစ်သည်။
AAPP ကို တရားမဝင်ဟု ကြေညာထားသည့် စစ်ကောင်စီကမူ ဓားစာခံဖမ်းဆီးမှုများနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမျှ သတင်းထုတ်ပြန်ခြင်းမရှိပေ။