သတင်း

မိုးကုတ်မှ ၅ နှစ်အရွယ် ကလေးငယ် ပြန်လွတ်လာပြီး ဖခင်ထံရောက်ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရသည့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် ပြန်လည်လွတ်မြောက်ပြီး ဖခင်နှင့်အတူ ရှိနေကြောင်း ကာယကံရှင်ထံမှ သိရသည်။ 

“ကလေးက စိတ်ဒဏ်ရာရလာတယ်။ နဂိုက ကဲကဲဆတ်ဆတ်နေတဲ့ကလေး ခု မှိုင်မှိုင်တွေတွေနဲ့။ အထဲမှာ ထမင်းလည်း ဝအောင်မစားရဘူး။ အိမ်သာရေတွေနဲ့ ရေချိုးရတယ်လို့ ပြောတယ်”ဟု ဖခင်ဦးစိုးဌေးက အချုပ်အတွင်း သမီးဖြစ်သူ တွေ့ကြုံခဲ့ရပုံကို ပြောသည်။

ယမန်နေ့ (ဇွန် ၃၀) နေ့လယ်တွင် အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းကို မိုးကုတ်မြို့မရဲစခန်းက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဖမ်းဆီးခံရသူ မိခင်နှင့် အစ်မဖြစ်သူကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ 

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးစိုးဌေးကို ဖမ်းမမိသည့်အတွက် ၎င်း၏ အသက် ၄၄ နှစ်အရွယ် ဇနီး၊ အသက် ၁၇ နှစ်အရွယ် သမီးနှင့် ၅ နှစ်အရွယ် သမီးငယ်ကိုပါ ဓားစာခံအဖြစ် စစ်ကောင်စီက ဇွန် ၁၃ ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ပြန်လွှတ်ပေးလိုက်သော မစုထက်ဝိုင်းကို ဒေသခံတချို့က တိမ်းရှောင်နေရသော ဖခင်ဖြစ်သူ ဦးစိုးဌေးထံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကျန်တာတွေ မေးလို့မရဘူး။ သူ ဖြေချင်ပုံမရဘူး။ တစ်ခွန်းတော့ ပြောတယ်။ ဘွားဘွားစု လွတ်ပြီလားဟင်တဲ့။ မလွတ်သေးဘူးဆိုတော့ ပြန်ငိုင်သွားတယ်”ဟု ဦးစိုးဌေးက Myanmar Now ကို ယနေ့ ပြောသည်။

မစုထက်ဝိုင်းသည် မိုးကုတ်မြို့ဆန္ဒပြပွဲများတွင် ဖခင်နှင့်အတူ အမြဲလိုက်လေ့ရှိပြီး နိုင်ငံရေးနားမလည်သော်လည်း မကြာခဏပြောစကားများကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်နေသူဟု ဖခင်က ဆိုသည်။

“ဆန္ဒပြပွဲဆို ရှေ့ဆုံးက မလိုက်ရရင် ငိုတယ်။ ဓာတ်ပုံကိုင်ပြီးပဲ အမြဲလိုက်တယ်”ဟု ဆိုသည်။

ဆန္ဒပြပွဲများကို အကြမ်းနည်းဖြင့် တုံ့ပြန်မခံရချိန်က ကလေးကို ဆန္ဒပြပွဲတွင် ပါဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၈ တွင် မစုထက်ဝိုင်း အသက် ၅ နှစ်ပြည့်ခဲ့ပြီး ၎င်းမွေးနေ့ကို အချုပ်ခန်းအတွင်း ဖြတ်ကျော်ခဲ့ရသည်။ 

စစ်ကောင်စီက ဆက်ဖမ်းထားသော ဦးစိုးဌေး၏ ဇနီးနှင့် ကျန်သမီးတစ်ဦးတိုနှင့် ပတ်သက်ပြီး ဆက်သွယ်လာခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနှစ်ဦးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြအပြီး လိုက်လံဖမ်းဆီးခံရသဖြင့် တိမ်းရှောင်နေရသော ဦးစိုးဌေးနှင့်အတူ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသားနှင့် အသက် ၂၄ နှစ်အရွယ်သမီးတို့မှာလည်း ထွက်ပြေးခဲ့ရသည်။

ဖေဖော်ဝါရီ ၁ စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီသည် ၎င်းတို့အလိုရှိသူကို ဖမ်းမမိလျှင် မိသားစုဝင်တချို့ကို ဓားစာခံအဖြစ် ဖမ်းထားတတ်ကြောင်း ဒေသတချို့တွင် တွေ့နိုင်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဇွန် ၂၄ အထိစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၇၆ ဦးအထိရှိနေပြီး ထိုအထဲတွင် အငယ်ဆုံးမှာ အသက် ၂ နှစ်အရွယ်ဖြစ်သည်။

စစ်ကောင်စီကမူ ဓားစာခံဖမ်းဆီးမှုများနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမျှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button