သတင်း

မိုးကုတ်မှမိန်းကလေး ငါးနှစ်ပြည့်မွေးနေ့ကို အချုပ်ထဲတွင် ကျော်ဖြတ်

ယနေ့သည် အဖမ်းခံထားရသည့် သမီးငယ်၏ ၅ နှစ်ပြည့် မွေးနေ့ဖြစ်သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုးဌေးက သူ၏ ဇနီးနှင့် သမီးနှစ်ဦး ထိန်းသိမ်းခံထားရသည်မှာ ၁၆ ရက်ရှိပြီဖြစ်ပြီး ယနေ့သည် သူ၏ အငယ်ဆုံးသမီး၏ ၅ နှစ်ပြည့်မွေးနေ့ဖြစ်သည်ဟု ပြောသည်။

စစ်ကောင်စီတပ်က သူ့ကို ဖမ်းမမိသဖြင့် အိမ်တွင်ရှိသည့် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးထားပြီး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပေ။ 

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြအပြီး  ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် ဝရမ်းထုတ်ခံထားရသော ဦးစိုးဌေးမှာ တိမ်းရှောင်နေသဖြင့် ၎င်း၏ မိသားစုကို ဇွန် ၁၃ ကတည်းက ဖမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က အတည်ပြုသည်။

သူ၏ အသက် ၄၄နှစ်အရွယ် ဇနီးသည်၊ အငယ်ဆုံးသမီးနှင့် ၁၇နှစ်အရွယ် သမီးနှစ်ဦးတို့ကို ဗမွန်ကျေးရွာအုပ်စုရှိ နေအိမ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာတွင်ထားမှန်းပင် စုံစမ်း၍မရသေးပေ။

“ကလေးငယ်ကိုတောင် ဖမ်းတယ်ဆိုတာလည်း မအံ့ဩတော့ပါဘူး၊ သူတို့ကတော့ နောက်မလုပ်ရဲအောင် အစွမ်းကုန်လုပ်ကြမှာပဲ”ဟု တိမ်းရှောင်နေသူ ဦးစိုးဌေးက Myanmar Now ကို ပြောသည်။

ဦးစိုးဌေးသည် အခြားမိသားစုဝင်များဖြစ်သည့် ကိုးတန်းကျောင်းသားနှင့် အသက် ၂၄နှစ်အရွယ် သမီးတစ်ဦးတို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဓားစာခံအဖြစ် ဖမ်းခံထားရသည့် မိသားစုဝင်များနှင့် ပတ်သက်၍ စစ်ကောင်စီထံမှ အကြောင်းကြားမှု တစ်စုံတစ်ရာမရသေးဟု ၎င်းက ပြောသည်။

“သူတို့ တိုက်ရိုက် ကျွန်တော့်ဆီ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမရှိဘူး။ ကျွန်တော်က ဖုန်းတွေရော အစစ ရင်းနှီးသူတွေရော အဆက်အသွယ်ဖြတ်ထား ရှောင်နေတာမို့”ဟု ဦးစိုးဌေးက ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် ၎င်းတို့အလိုရှိသူများကို ဖမ်းမမိလျှင် မိသားစုဝင်များကို ဓားစာခံဖမ်းဆီးမှုများ နိုင်ငံအနှံ့ လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန် ၄ရက်အထိစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူပေါင်း ၇၆ ဦးအထိရှိနေပြီး ထိုအထဲတွင် အငယ်ဆုံးမှာ အသက် ၂ နှစ်အရွယ် ဖြစ်သည်။  

AAPP ကို တရားမဝင်ဟု ကြေညာထားသည့် စစ်ကောင်စီကမူ ဓားစာခံဖမ်းဆီးမှုများနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမျှ သတင်းထုတ်ပြန်ခြင်းမရှိပေ။

Show More

Related Articles

Back to top button