
မန္တလေးမှ အသက် ၂၇ နှစ်အရွယ် အရောင်းဝန်ထမ်းအမျိုးသမီးသည် ဧပြီလအတွင်းက မြို့တွင်း သွားလာနေစဉ် စစ်ကောင်စီလက်နက်ကိုင်များက သူ့ကို တားဆီးကာ လက်ကိုင်ဖုန်း တောင်းယူခဲ့သည်။
“လမ်းမှာစစ်တာ။ ကြည့်တာတော့ Gallery (ဓာတ်ပုံ) တွေကြည့်တယ်။ Message တွေ အကုန်ကြည့်တယ်။ Facebook Messenger ကိုလည်းကြည့်တယ်။ ဘယ်သူနဲ့ပြောထားလဲပေါ့၊ ပြီးရင်မေးတယ်၊ ဆန္ဒပြတွေလိုက်လား။ ဘယ်ဘက်က ပါတာတုန်း” ဟု ဖုန်းအစစ်အဆေးခံခဲ့ရပုံကို သူက ပြောပြသည်။
နိုင်ငံရေးအပြောင်းအလဲအပေါ် မည်သို့ရပ်တည်သည်ဟူသော မေးခွန်းမျိုးကို သူက အတိုက်အခံမလုပ်ဘဲ ဖြေဆိုခဲ့သည်။ လက်ကိုင်ဖုန်းထဲမှ ဓာတ်ပုံများ၊ စာများ ကြိုတင်ဖျက်ထားမိခြင်းကြောင့် အချိန်ကြာမြင့်စွာ စစ်ဆေးမခံခဲ့ရဘဲ သူခရီးဆက်သွားခွင့် ရခဲ့သည်။
အကယ်၍ သူ့ဖုန်းထဲတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှု၊ လက်နက်ကိုင် ခုခံအန်တုမှုနှင့် သက်ဆိုင်သော ဓာတ်ပုံ၊ ရုပ်သံ၊ သတင်း၊ အချက်အလက်တစ်ခုခုကို တွေ့ရှိပါက အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။
ဤသို့ဖြင့် ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့်လည်း ဆက်လက်ဖိနှိပ်နေသည့် စစ်ကောင်စီက လမ်းလုံးပြည့်ဆန္ဒပြပွဲများအလွန် ပစ်မှတ်ထားလာသည့် အရာမှာ လူအများ ကိုင်ဆောင်တတ်သည့် မိုဘိုင်းဖုန်းဖြစ်လာသည်။
ခရီးသွားသူများ၊ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးရာတွင် မိုဘိုင်းဖုန်းကို အဓိက ရှာဖွေတတ်သည်။
လက်ကိုင်ဖုန်းအတွင်းရှိ စာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြောင်းအရာများ ပါမပါ ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ထိုသို့ စစ်ဆေးရာမှတဆင့် ခြေရာခံပြီး ထပ်မံဖမ်းဆီးခံခဲ့ရသူများရှိကြောင်း၊ အဖမ်းခံရသူအားလုံး ဖုန်းစစ်ဆေးခံခဲ့ရကြောင်း ပြောသည်။
AAPP ၏ ဇူလိုင် ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၉၀၀ နီးပါး အနည်းဆုံးရှိလာသည်။ ဖမ်းဆီးခံရသူများထဲမှ ၆၅၀၀ ကျော်၏ အချက်အလက်ကို AAPP က ကောက်ခံရရှိခဲ့ပြီး ၎င်းတို့ထဲမှ ၅၁၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရသည်။ လူပေါင်း ၁၉၀၀ ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်သည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရသည့်တိုင် လူတိုင်းသည် မိမိနေအိမ်၌ နေထိုင်စဉ် ကိုယ်စိတ်နှစ်ပါးလုံခြုံမှုကို မခံစားရကြောင်း၊ နေရာတိုင်းတွင် စိုးရိမ်ထိတ်လန့်နေရသဖြင့် လူ့အခွင့်အရေးကြီးမားစွာ ချိုးဖောက်ခံနေရခြင်းဖြစ်သည်ဟု AAPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“အတိတ်ကာလဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ ဒီကာလလောက်ဆိုးရွားတာ မရှိဘူး” ဟု မိသားစုလုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။
ကိုယ်ကိုင်သည့်ဖုန်းကြောင့် အဖမ်းခံရနိုင်သည်ဆိုခြင်းက ကိုယ်စိတ်နှစ်ပါးလုံခြုံမှုကို ထိခိုက်စေလျက်ရှိသည်။ အပြင်ထွက်သည့်အခါ ဖုန်းမယူရဲသည်အထိ ဖြစ်လာကြောင်း ပြီးခဲ့သည့်လများအတွင်း သွားရင်းလာရင်း ဖုန်းစစ်ဆေးခံရသူများအနက် Myanmar Now က မေးမြန်းခွင့်ရခဲ့သူအချို့က ဆိုသည်။
မန္တလေးမြို့တွင်း သွားလာနေစဉ် တားဆီးစစ်ဆေးခံရသည့် အမျိုးသမီးက Facebook သုံးရန်ပင် မဝံ့ရဲတော့ဟု ဆိုသည်။
“ဓာတ်ပုံတွေ၊ ရှယ်ထားတဲ့ ပို့စ်တွေက များတယ်လေ။ အကောင့်ဆိုလည်း အသစ်လေးတွေဖွင့်ပြီး သုံးကြတယ်။ သွားတဲ့အခါ လမ်းရှောင်ကြတယ်။ သူတို့က (စစ်ကောင်စီတပ်ဖွဲ့) လူစည်တဲ့နေရာမှာရှိတာ များတော့ လမ်းကြိုလမ်းကြား၊ ရပ်ကွက်လမ်းကြားက ရှောင်သွားကြတာတွေ လုပ်ကြတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှဦးဆောင်ပါဝင်သူများမှာ Generation-Z ခေါ် လူငယ်များဖြစ်သောကြောင့် ငယ်ရွယ်သူများကို ပစ်မှတ်ထားခံရခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ပြောသည်။
လူထုလှုပ်ရှားမှုကို ထောက်ခံသည့် အမှတ်အသားဖြစ်သော လက်သုံးချောင်းထောင်ထားသည့် ဓာတ်ပုံတွေ့ရုံမျှဖြင့် ဖမ်းဆီးနှိပ်စက်ခံရနိုင်သည်ဟု ၎င်းက ဆိုသည်။
“လုံခြုံရေးအရ သူတို့က ခေါင်းစဉ်တပ်ပေမယ့် ကျွန်တော်တို့ Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်) တွေ အရမ်းကို ချိုးဖောက်ခံရတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းထဲမှာ တစ်ခုခုတွေ့လို့ရှိရင် ကျွန်တော်တို့အတွက် လုံးဝကို မလုံခြုံတော့ဘူး” ဟု အဆိုပါလူငယ်က ပြောသည်။
ဒေသအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စစ်ကောင်စီကို ခုခံတိုက်ခိုက်ခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန်များကို လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အချိန်များတွင် အစစ်အဆေး ပိုကြမ်းလေ့ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာများတွင် ပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးလေ့ရှိသည်ဟုလည်း ရန်ကုန်မြို့တွင်း၌ အမြဲလှည့်လည်သွားလာလေ့ရှိသူ ထိုလူငယ်က ဆိုသည်။
စစ်ကောင်စီက လမ်းသွားလမ်းလာများ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာတွင် Facebook ကဲ့သို့ လူမှုကွန်ရက်များသာမက KBZ Pay နှင့် Wave ကဲ့သို့သော ငွေကြေးဝန်ဆောင်မှု အက်ပလီကေးရှင်းများကိုပါ စစ်ဆေးသည့်အပြင် ဓာတ်ပုံများဖျက်ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးသည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဇွန်လက ရန်ကုန်မှ ဧရာဝတီတိုင်း ဖျာပုံမြို့သို့ အပြန်လမ်းတွင် ထိုအမျိုးသမီးကို စစ်ကောင်စီလက်နက်ကိုင်များက စစ်ဆေးမေးမြန်းခဲ့သည်။
“အရမ်းကြောက်ပြနေရင် သူတို့က ခြောက်တယ်ထင်ပါရဲ့။ ကျွန်မကတော့ ဖုန်းပြဆိုတော့ ပြလိုက်တာပဲ။ ဘာမှကြောက်ဟန်မပြဘူး” ဟု ၎င်းက ပြောသည်။
လက်ကိုင်ဖုန်းများကို ရှောင်တခင်စစ်ဆေးခြင်းသာမက အီလက်ထရောနစ်ပညာအားဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းများ ပြုလုပ်ရန် အာဏာသိမ်းပြီးနောက်ပိုင်း ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းရန် စစ်ကောင်စီက စိုင်းပြင်းခဲ့သည်။
ထိုဥပဒေကို ပြဋ္ဌာန်းးနိုင်ခဲ့ခြင်းမရှိသော်လည်း ဆက်သွယ်ရေးလုပ်ငန်းများကို စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် ‘နိုင်လွတ်လုံ’ အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’ ကို စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။
အာဏာသိမ်းပြီး သီတင်းနှစ်ပတ်မပြည့်မီ၌ပင် အထက်ပါဥပဒေပါ ပုဒ်မ ၅၊ ၇ နှင့် ၈ တို့ကို စစ်ကောင်စီက ရပ်ဆိုင်းခဲ့သည်။ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေရာတွင် အသိသက်သေများပါရန်၊ တရားရုံးခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရန်၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် ကြားဖြတ်နားထောင် စုံစမ်းစစ်ဆေးခြင်းမပြုရန် စသည့် ပြည်သူကို အကာအကွယ်ပေးထားသော ထိုပုဒ်မများကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ဝရမ်းမပါဘဲ စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးနိုင်ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကြားဖြတ်နားထောင်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နိုင်ရန် စစ်ကောင်စီက နိုင်လွတ်လုံဥပဒေပါ ထိုပုဒ်မများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးပြီးချင်း ဥပဒေပြင်ဆင်ချက်များ လုပ်ဆောင်သည့်အထဲတွင် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခြင်းလည်း ပါဝင်သည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်သည် ည ၁၁ နာရီခန့်တွင် ရောက်လာပြီး လက်ကိုင်ဖုန်းများကိုပါ တောင်းကြည့်ကြသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“သူများတကာရဲ့ Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်) ရှိတယ်။ ဖုန်းတွေထဲမှာလည်း ကိုယ်ရဲ့ကိုယ်ပိုင်ဖုန်းဖြစ်တဲ့အတွက် Privacy ဆိုတာရှိမှာပဲ။ ကိုယ်ထည့်ထားချင်တာတွေလည်းရှိမှာပဲ။ ပိုက်စိပ်တိုက်ရှာတယ် ဆိုတာက လုံးဝမဖြစ်သင့်ဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
လမ်းပေါ်ထွက်ပြီး ပြောက်ကျားလှုပ်ရှားနေသော ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်သူများ စသဖြင့် စစ်ကောင်စီကို ပုံစံမျိုးစုံဖြင့် အန်တုလျက်ရှိကြရာ စစ်ကောင်စီတပ်များကလည်း လမ်းပေါ်တွင် အမြဲရှိနေတတ်သည်။
ဤအခြေအနေတွင် အပြင်ထွက်လျှင် တယ်လီဖုန်းကို အိမ်တွင် ထားရစ်ခဲ့သူ အများအပြားရှိလာသည်။ တချို့ကလည်း လမ်းတွင် စစ်ဆေးခံရသည့်အခါ ထုတ်ပြရန် စျေးပေါသည့်ဖုန်းတစ်လုံး ဆောင်ထားကြသည်။ စစ်ကောင်စီတပ်သားများအနီးရောက်မှ ဖုန်းထမြည်မည်ကို စိုးရိမ်ပြီး အပြင်ထွက်လျှင် ဖုန်းသံပိတ်ထားသူတို့လည်း ရှိသည်။
ရန်ကုန်မှ အမည်မဖော်လိုသည့် အိုင်တီပညာရှင်တစ်ဦးကမူ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လူထုကို အကြီးအကျယ် အနိုင်ကျင့် နှိပ်စက်နေသဖြင့် ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်ခံရမှု ဟူသည်မှာ ကြီးကျယ်သည့်ကိစ္စတစ်ခုဟုပင် မပြောနိုင်တော့ကြောင်း မှတ်ချက်ချသည်။
“ဖုန်းစစ်တယ်ဆိုတာလောက်က တကယ်ကို ပါမွှားဖြစ်သွားပြီ၊ ဘယ်လောက်ထိမိုက်ရိုင်းလဲ၊ ဘယ်လောက်ထိ ရမ်းကားဆိုးရွားလဲဆိုတာလေ။ မိုက်ရိုင်း၊ ရမ်းကား၊ ဆိုးရွားနေတဲ့အခြေအနေမှာ ဒီလို ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုဆိုတာက တော်တော်ပြောရခက်သွားပြီ” ဟုလည်း ၎င်းက ပြောလိုက်သည်။