စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ပိုင်ဆိုင်သော ရန်ကုန်မြို့လယ်ကောင်ရှိ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်တွင် ယနေ့(ဇူလိုင်၈) မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသည်။
လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့်ရှိ ရတနာဆိုင်ပေါက်ကွဲမှုကြောင့် ဆိုင်ဝန်ထမ်းတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုင်နီးချင်းတချို့ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြထားသည်။
ဒေါ်သက်သက်ခိုင်၏ ရန်ကုန်မြို့ရှိပိုင်ဆိုင်မှုများ တစ်လအတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဇွန် ၁၇ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ တည်ဆောက်ဆဲ 68 Residence အဆင့်မြင့်ကွန်ဒိုပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်က Myanmar Nowကို အတည်ပြုထားသည်။
ယနေ့ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားပြုရွေးချယ်ခံရပြီးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။
ယင်းနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ထူထောင်၍ ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲ၌ PPPမှ ဝင်ပြိုင်သူတစ်ဦးမျှ အနိုင်မရသလို မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်သက်သက်ခိုင်သည်လည်း NLD ကိုယ်စားလှယ်ကို အရှုံးကြီးရှုံးခဲ့ရသည်။
အထက်ပါရွေးကောက်ပွဲအပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက သူ့ကို ပြည်ထောင်စုဝန်ကြီးရာထူးပေးခဲ့သည်။
လက်ရှိအချိန်တွင် စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မှုများ ရန်ကုန်မြို့၌ နေ့စဉ်ရက်ဆက်နီးပါးဖြစ်ပေါ်နေပြီး ဇူလိုင် ၃ တွင် ကျရောက်သည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးနေ့၌ဆိုလျှင် မတူညီသည့် နေရာလေးခု၌ ပေါက်ကွဲမှုများဖြစ်ခဲ့သည်။
အဆိုပါနေ့က Music Zone KTV, Mytel အရောင်းပြခန်း၊ ရွှေမန်းသူအဝေးပြေးယာဉ်တစ်စီးနှင့် ကမာရွတ်ရဲစခန်းတို့ကို ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ကပင် အတည်ပြုထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ရက်ရှည်လများကြုံတွေ့နေရသည့် စစ်ကောင်စီ၏ ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှုအန္တရာယ်ကို ရင်ဆိုင်ရန် နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပေါ်ပေါက်လာနေပြီး စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ အရှိန်ရနေသည်။