
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခံရ၍ မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က အတည်ပြုသည်။
“တစ်ယောက်က ပါးချိုင့်နေရာကို ထိသွားတာပေါ့။ သွားနဲ့ နားရွက်ကြားနေရာမှာ သူက နည်းနည်းစိုးရိမ်ရတယ်ပြောတယ်။ မနေ့က တစ်ယောက်က ကျောကုန်းကို ထိသွားတယ်။ တစ်ချက်စီပဲ။ နှစ်ယောက်စလုံးက ရပ်ကွက်ဒလန်တွေပဲပေါ့” ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက် ရန်ကင်း(၆) လမ်း ရာအိမ်မှူး ဦးအောင်ဌေးလှိုင်မှာ ယမန်နေ့(ဇူလိုင်၃) ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း ၎င်းတို့လက်ချက်ဖြစ်သည်ဟု လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ (ဇူလိုင် ၄) မွန်းလွဲ ၂ နာရီခန့်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ လှည်းကူးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရုံးအကူ ကိုအောင်အောင်ဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
ပစ်ခတ်ခံရသူနှစ်ဦးစလုံးမှာ လှည်းကူးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင်များ၊ ဆန္ဒပြသူများ၏ သတင်းအချက်အလက်များစုဆောင်း၍ စစ်ကောင်စီထံ သတင်းပေးကြသူများဖြစ်သည်ဟု မြို့ခံအချို့က အခိုင်အမာပြောကြသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များက လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇွန်လ ၂၁ တွင် စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီးနောက် ဒလန်ဟု နာမည်ကျော်သူများ ယခုကဲ့သို့ နှစ်ရက်ဆက်တိုက် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
အလားတူပင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်မှစ၍ ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် လက်သင့်မခံဘဲ ပစ်ခတ်၊ရိုက်နှက်၊ဖမ်းဆီးနေသည့် စစ်ကောင်စီ၏ အန္တရာယ်မှ ကာကွယ်ရန် ၎င်းတို့၏ သတင်းပေးများ၊ အုပ်ချုပ်ရေးယန္တရားများကို ပစ်မှတ်ထားခုခံတိုက်ခိုက်သည့် လှုပ်ရှားမှုများ နိုင်ငံအနှံ့ နေ့စဉ်ပေါ်ပေါက်နေသည်။