စီးပွားရေး

နိုင်ငံတကာမှ အစားအသောက်နှင့် ဖက်ရှင်ဆိုင်များ ပိတ်သိမ်းလာ

စစ်အာဏာသိမ်းအပြီး တိုင်းပြည် အဘက်ဘက်မှ ယိုယွင်းလာကာ လုပ်ငန်းဆက်လက်ရပ်တည်ရန် ခက်ခဲလာချိန်တွင် ပြည်တွင်း၌ လည်ပတ်လုပ်ကိုင်နေသည့် နိုင်ငံတကာအမှတ်တံဆိပ် အစားအသောက်နှင့် ဖက်ရှင်ပစ္စည်းဆိုင်အများအပြား ပိတ်သိမ်းလာလျက်ရှိသည်။

ကမ္ဘာလုံးချီထိခိုက်ခံစားနေရသည့် ကိုဗစ်နိုင်တင်းရိုက်ခတ်မှုအပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူမှု၏ နောက်ဆက်တွဲ မတည်ငြိမ်မှုများကြောင့် လုပ်ငန်းအသေး၊ အကြီးမရွေး အထိနာနေခြင်းဖြစ်ပြီး တောင့်မခံနိုင်သည့် လုပ်ငန်းများအနေဖြင့် အရောင်းဆိုင်များ ပိတ်သိမ်းလာခြင်းဖြစ်သည်။

မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ ခေါ် ဆာ့ချ်ပန်းပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic ကုမ္ပဏီက လုပ်ပိုင်ခွင့်ရယူဖွင့်လှစ်သည့် အမေရိကန်အမှတ်တံဆိပ် Auntie Anne’s မုန့်ဆိုင်နှင့် တရုတ်အမှတ်တံဆိပ် Little Sheep ဟော့ပ်ပေါ့ဆိုင်တို့ အပြီးပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယင်းဆိုင်နှစ်ခုက သတင်းထုတ်ပြန်ခဲ့သည်။

အိမ်ခြံမြေနှင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာလုပ်ကိုင်သည့် Yoma Strategic သည် အမေရိကန်အခြေစိုက် Yum! ကုမ္ပဏီနှင့် ပူးပေါင်းပြီး KFC ကြက်ကြော်ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချနေသည့်အပြင် နာမည်ကြီးကြေးအိုး YKKO စားသောက်ဆိုင်လုပ်ငန်း၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူထားသည်။

“(Facebook Page ကနေ) တရားဝင်ကြေညာပေးထားတယ်။ အဲ့ဒီထက်ပိုပြီး မီဒီယာကို ဘာ Information (သတင်းအချက်အလက်) ထပ်ပေးလို့မရဘူး။ အဲ့ဒီထဲမှာတော့ရေးထားတယ်၊ ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့်၊ စီးပွားရေးအခြေအနေတွေကြောင့်လို့ ရေးထားတယ်။ တခြားဖြည့်စွက်ပြီး ထပ်ပြောလို့ရတာတော့ မရှိဘူး” ဟု ရိုးမအုပ်စု၏ မီဒီယာဆက်သွယ်ရေးတာဝန်ရှိသူ မသီရိရီမွန်က Myanmar Now ကို ပြောသည်။

နာမည်ကြီးလုပ်ငန်းတို့၏ ဆိုင်ခွဲအများအပြားရှိသော ရန်ကုန်မြို့သည် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီတပ်က နှိပ်ကွပ်ချေမှုန်းနေသဖြင့် မူလအခြေအနေအတိုင်း မရှိတော့ပေ။ အရောင်းအဝယ်တုံ့ဆိုင်းသွားပြီး အွန်လိုင်းမှ ဝယ်ယူမှုများလည်း နည်းပါးလာရာ လစာနည်းဝန်ထမ်းများမှအစ လုပ်ငန်းရှင်ကြီးငယ်အဆုံး ထိခိုက်စေသောအခြေအနေ ဖြစ်လာသည်။ 

ရန်ကုန်မှ နာမည်ကြီးဈေးဝယ်စင်တာများဖြစ်သည့် Junction Square, Myanmar Plaza နှင့် Junction City တို့တွင် ဖွင့်လှစ်ရောင်းချနေသော Auntie Anne’s ဆိုင်ခွဲများကို  ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေကြောင့် ဩဂုတ်လလယ်တွင် ဆိုင်အားလုံးအပြီးပိတ်မည်ဟု Auntie Anne’s(မြန်မာ)က ဇွန်လကုန်တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာဟော့ပေါ့အမှတ်တံဆိပ် Little Sheep ကို ၂၀၁၈ တွင် Yoma Strategic က လုပ်ပိုင်ခွင့်ယူကာ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ လအကြာတွင် ဆိုင်ကို အပြီးပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် မြန်မာတွင် ဖွင့်လှစ်ထားသည့် ထိုင်ဝမ်အမှတ်တံဆိပ် KOI Bubble Tea ၏ မြန်မာဆိုင်ကို ပိတ်သိမ်းသွားမည်ဟု စားသုံးသူများကို အတည်ပြုထားပြီး ဆိုင်ပိတ်သိမ်းသည့် အခြေအနေနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။ 

ထိုင်းအခြေစိုက် ဖက်ရှင်အသုံးအဆောင်စ္စည်းအရောင်းဆိုင်ဖြစ်သည့် Jelly Bunny မှာလည်း ကိုဗစ်နိုင်တင်းနှင့် အာဏာသိမ်းပြီးကာလ ငွေလဲနှုန်းမြင့်တက်လာခြင်း၊ အခွန်အခနှင့် သယ်ယူစရိတ်များ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံရှိဆိုင်များကို ပိတ်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။

ရန်ကုန်၊ သာကေတမြို့နယ်မှ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ဆိုင်အများအပြားပိတ်သွားသော်လည်း နာမည်ကြီးဆိုင်များကိုသာ အများက သတိပြုမိကြသည်ဟု ဆိုသည်။

“(ယခင်က) Brand ဆိုတာက Class တစ်ခုကပဲ သုံးနိုင်တာလေ။ အခုနောက်ပိုင်းမှာ စီးပွားရေးကောင်းလာတော့ ဆိုင်တွေလည်း တိုးဖွင့်လာသလို သုံးစွဲသူတွေလည်း ရှိလာတယ်။ (စစ်အာဏာသိမ်းပြီး) အခြေအနေဆိုးလာတော့ ဆိုင်တွေပိတ်သွားကြတယ်။ Brand ရယ် မဟုတ်ဘူး။ လူမသိဘဲ ပိတ်သွားတဲ့ဆိုင်တွေ အများကြီးရှိသေးတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

အခြေအနေအရပ်ရပ်ကြောင့် ဆိုင်များပိတ်သိမ်းချိန်တွင် ဝန်ထမ်းများ အလုပ်အကိုင်ဆုံးရှုံးရခြင်းကြောင့် ထိခိုက်နစ်နာကြီးမားကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသမီးအဝတ်အထည်များရောင်းချသည့် Princess Outfit Collection အရောင်းဆိုင်၏ မန္တလေးဆိုင်ခွဲကို ကိုဗစ်နိုင်တင်းကာလအတွင်း ကြိုးစားရပ်တည်ခဲ့သော်လည်း ပိတ်သိမ်းရန် ဇွန်လကုန်ခန့်က ဆုံးဖြတ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် လက်လီဆိုင်များမှ လုပ်သားထောင်ချီသည် စက်ရုံများအထိ ပိတ်သိမ်းနေသည်။ 

တိုင်းပြည် ကမောက်ကမဖြစ်နေသဖြင့် အသစ်ဝင်ရောက်မည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း နောက်တွန့်သွားစေသည်။

ဂျပန်အခြေစိုက် လက်လီလုပ်ငန်းကြီးတစ်ခုဖြစ်သည့် AEON က ရွှေတောင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည့် ဒေါ်လာ သန်း ၁၈၀ တန် ဈေးဝယ်စင်တာစီမံကိန်းကို ရပ်ဆိုင်းရန် စစ်အာဏာသိမ်းပြီး ၃ ကျော်လအကြာတွင် ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ 

၂၀၁၄  ခုနှစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရှိခဲ့ပြီးနောက် ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်း ကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောက မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသည့် အလားအလာများကို အကဲဖြတ်သုံးသပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းကို အရှုံးစာရင်းပြထားပြီး ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချရန် စီစဉ်နေကြောင်းလည်း တယ်လီကွန်းနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖော်ပြသည့် TMT Finance ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာဘီလျံချီတန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အနာဂတ်မရေရာသည့် အန္တရာယ်နှင့်ကြုံနေကြောင်း လုပ်ငန်းရှင်များက ဆိုကြပြီး မြန်မာ့စီးပွားရေးမှာလည်း ယခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button