
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်း လူ ၂၀ ကျော်ဖမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။
နွယ်ချို ၂ ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင် ၁ က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟင်္သာကန်ရပ်ကွက်၌ စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေခြင်းဖြစ်သည်။
“အိမ်ကိုရှာတော့လည်း ဘာမှမတွေ့ဘူး။ အိမ်မှာရှာလို့ တွေ့လို့ သံသယရှိလို့ ဖမ်းတယ်ဆိုတာမျိုးလည်း မဟုတ်ဘူး။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ သူတို့စိတ်ထဲမှာ မကျေနပ်ရင်မကျေနပ်သလို လုပ်နေတဲ့ သဘောဖြစ်နေတာပေါ့” ဟု ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ဖမ်းခံထားရသူအများစုမှာ လူငယ်များဖြစ်ပြီး အားလုံးကို ပေါင်းတည်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသော်လည်း ချုပ်နှောင်ခံထားရသူများထဲမှ အများစုကို ဆက်သွယ်၍ မရသေးကြောင်း မိသားစုဝင်အချို့က ပြောသည်။
“ဘာလို့ဖမ်းရတယ်ဆိုတဲ့ အကြောင်းပြချက်မရှိဘူး။ အဓိကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့နဲ့ အဆက်အသွယ်ရှိလားဆိုပြီးတော့ ဖမ်းတာ” ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။
အများစုမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့အတူ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်သို့ ယနေ့ (ဇူလိုင်၃)နံနက်ပိုင်းက စစ်သားနှင့် ရဲအင်အား ၃၀ ကျော်ရောက်လာပြီး အလိုရှိနေသူ လာရောက်အဖမ်းမခံပါက မိသားစုဝင်တစ်ဦးဦးကို ဖမ်းဆီးအမှုဖွင့်မည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်ဟု သိရသည်။
“ကျွန်တော် ရဲစခန်းကို မလာရင် ၅၀၅ ကနဲ့ ခင်ဗျားကို (မိသားစုဝင်) တရားစွဲမယ်။ လာရင်မစွဲဘူးဆိုပြီး ပြောတယ်။ အဲဒီလိုပြောပြီး အိမ်ထဲ အပေါ်ထပ်၊ အောက်ထပ် အကုန်လှန်လှောရှာသွားတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသူက Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်း၍မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။
ဟသ်ာကန်ရပ်ကွက်၌ စစ်တပ်သတင်းပေးဟု ကျော်ကြားသူ ပစ်သတ်ခံရမှုမှာမူ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့က အချိန်မဆိုင်းဘဲ ထုတ်ဖော်ပြောကြားထားသည်။
ပေါင်းတည်သည် ဖေဖော်ဝါရီလဆန်းပိုင်း အာဏာသိမ်းမှုဆန့်ကျင်သည့်လှုပ်ရှားမှုများ စတင်ပေါ်ပေါက်ရာ မြို့တစ်မြို့ဖြစ်သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ငါးလအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိရာ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၀၀၀ ကျော် အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇူလိုင် ၂ တွင် သတင်းထုတ်ပြန်ထားသည်။
AAPP ကို တရားမဝင်ဟု ကြေညာထားသည့် စစ်ကောင်စီကမူ ဖမ်းဆီးခံရသူဦးရေကို ယနေ့တိုင် အတည်ပြုပြောဆိုခြင်းမရှိသော်လည်း ဇွန် ၃၀ တစ်ရက်တည်း၌ပင် အချုပ်သား ၂၀၀၀ ကျော် လွှတ်ပေးထားသည်။