အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်၊ တာမွေ Mytel အရောင်းပြခန်း ဗုံးပေါက်

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ်ရှိ Mytel အရောင်းပြခန်းတွင် ယနေ့ (ဇူလိုင် ၃) မွန်းလွဲ ၂နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူအချို့က အတည်ပြုသည်။

၁၅၅ လမ်းနှင့် ၁၅၆ လမ်းကြား လမ်းဆုံမီးပွိုင့်အနီးတွင်ရှိသည့် Mytel အရောင်းပြခန်းအတွင်းပိုင်း၌ ပေါက်ကွဲခဲ့ခြင်းပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“အနားကလူတွေပြောတာတော့ (ဆိုင်ထဲက) လူ အားလုံးကို ထွက်ခိုင်းပြီးမှ ပစ်ထည့်သွားတယ် ပြောတာပဲ။ ပစ်ထည့်လိုက်ပြီး အေးဆေးထွက်သွားတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး၊ နာရီဝက်ခန့်အကြာတွင် စစ်ကားနှစ်စီးရောက်လာသည်ကို မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

ဇွန် ၁၈ ကလည်း အဆိုပါလမ်းဆုံမီးပွိုင့်အနီး၌ပင် အငှားယာဉ်တစ်စီးပေါ်မှ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်မတိုင်မီ မိနစ်ပိုင်းကလည်း တာမွေမြို့နယ် သီတာလမ်းမှတ်တိုင်အနီးရပ်တန့်ထားသည့် စစ်ကားတစ်စီး ဗုံးခွဲခံရပြီး မီးလောင်ပျက်စီးခဲ့သေးသည်။

စစ်ကားမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ၎င်းတို့လက်ချက်ဖြစ်ပြီး စစ်သား ၁၀ဦးထက်မနည်း သေကျေဒဏ်ရာရမည်ဟု ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့က Myanmar Now ကို အတည်ပြုထားသော်လည်း စစ်ကောင်စီဘက်ကမူ ယနေ့တိုင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများကို ရက်စက်စွာဖြိုခွင်းနေသည့် စစ်ကောင်စီကို ခုခံရန် နိုင်ငံအနှံ့ ဖွဲ့စည်းလာကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအတွင်း ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့လည်း ပါဝင်ပြီး ဇွန်လမှစ၍ အာဏာသိမ်းစစ်တပ်၏ ယန္တရားများ၊ အားပေးထောက်ခံပံ့ပိုးနေသူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ တောက်လျှောက်ပြုလုပ်နေသည်။

ယနေ့ တာမွေ Mytel ရုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို မည်သူ့လက်ချက်မှန်း ညနေပိုင်းအထိ စုံစမ်း၍မရသေးပေ။

Mytel သည် တပ်မတော်ပိုင်ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြုံနေရသလို ၎င်းနှင့်လက်တွဲထားသည့် မိတ်ဖက်လုပ်ငန်းများကလည်း တဖြည်းဖြည်းစွန့်ခွာနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button