
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို တမင်တကာဖန်တီးယူခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ချိုးဖောက်ခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။
“နိုင်ငံတော်အတိုင်ပင်ခံရာထူးမျိုးဆိုတာကတော့ ကိုယ့်ဟာကို ဖန်တီးယူတဲ့ဟာမျိုးပါ” ဟု ရုရှားနိုင်ငံခရီးစဉ်အတွင်း RIA သတင်းဌာနနှင့် ဇွန် ၂၄ ရက်က တွေ့ဆုံစဉ် ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
“ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျော်လွန်ပြီးတော့ သူက လုပ်လို့ သူက ဒီလိုဖြစ်လာတာ” ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် ပတ်သက်၍ ရုရှားသတင်းဌာန၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။
၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)၊ အရည်အချင်းသတ်မှတ်ချက်အရ နိုင်ငံခြားသားအိမ်ထောင်ဖက်ရှိသူ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ခွင့်မရ၍ အတိုင်ပင်ခံဥပဒေပြဋ္ဌာန်းကာ ရာထူးယူခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“ဥပဒေက ဘယ်လိုပဲရှိရှိ။ သူက ဒါကိုရှောင်ရှားချင်လို့။ ဒါပေမယ့် တကယ်တော့ ဥပဒေနဲ့ငြိနေတယ်။ ဒီအချက်ကိုက လွတ်ပါဘူး” ဟုလည်း အာဏာသိမ်းခေါင်းဆောင်က ထပ်ဆင့်စွပ်စွဲပြောဆိုထားသည်။
ထို့အပြင် အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် သီးခြားစီရပ်တည်ရမည်ဖြစ်၍ အတိုင်ပင်ခံဥပဒေဖြင့် ရာထူးယူခြင်းမှာ ဥပဒေနှင့်မညီဟု ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုကာ အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်က မှတ်ချက်ပြုသည်။
“ဒီအာဏာသုံးရပ်အပေါ် လွှမ်းခြုံတဲ့ဟာမျိုးတော့ ဘယ်သူမှလုပ်လို့မရဘူး” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၁၇ တွင်မူ “ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ” ဟု ပြဋ္ဌာန်းထားသည်။
သို့သော် အထက်ပါ ခြေဥပုဒ်မကို ထောက်ချင့်၍ အတိုင်ပင်ခံဥပဒေပြဋ္ဌာန်းကာ ဒေါ်အောင်ဆန်းစုကြည်က ရာထူးရယူခဲ့သည်ကို ဥပဒေနှင့်မညီဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် နိုင်ငံတော်သမ္မတပြီးလျှင် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြည်ထောင်စုအင်္ဂါစဉ်၏ ဒုတိယနေရာ၌ တရားဝင်သတ်မှတ်ခဲ့မှုအပေါ် ကာလကြာရှည်မကျေမလည်ဖြစ်ခဲ့ကြောင်း အာဏာသိမ်းခေါင်းဆောင်၏ အဖြေက ဆိုသည်။

“သူက တရားဝင်စာ နိုင်ငံတော်ပြန်တမ်းထုတ်ပြီးတော့ သမ္မတလက်မှတ်ထိုးထားတဲ့စာထဲမှာ သူသည် ဒုတိယနေရာမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဒါ ဥပဒေနဲ့ငြိတယ်လို့ ကျွန်တော်တို့ကပြောတာ။ စာမထုတ်ထားဘဲနဲ့ သူ့ဟာသူ အပြင်မှာ သက်သက်နေရင် ပြဿနာမရှိဘူး” ဟု ပြည်ထောင်စုအင်္ဂါစဉ်၌ အမှတ်စဉ် ၇ ၌သာ ဖော်ပြခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းတင်သွင်းခဲ့သူ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကပင် ပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ခွင့်မရလျှင် “သမ္မတအထက်က နေမည်”ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းနောက် အဆိုပါရွေးကောက်ပွဲရလဒ်ဖြင့် NLD တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ကာ ဥပဒေပြုရေးတွင် အဓိကကျသည့် ပြည်ထောင်စုလွှတ်တော်ကို ထိန်းချုပ်နိုင်ချိန် ပထမဆုံးအစည်းအဝေး ၂၀၁၆၊ မတ် ၃၁တွင် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း”ကို ဆောလျင်စွာတင်သွင်းပြီး တစ်ပတ်အတွင်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုစဉ်ကတည်းက ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက်နေရာရထားသည့် တပ်မတော်သားများ၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံရာထူးခန့်အပ်ရန် ကြိုးပမ်းမှုကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။
အတိုင်ပင်ခံဥပဒေကြမ်းကို တင်သွင်းသူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အတိုင်ပင်ခံဥပဒေရာထူးမှာ အခြေခံဥပဒေပုဒ်မ ၂၁၇ အရ ခန့်အပ်ခွင့်ရှိကြောင်း ရပ်တည်ဖြေရှင်းခဲ့ပြီးနောက် NLD ကြီးစိုးသည့် ပြည်ထောင်စုလွှတ်တော်၌ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်တပ်က အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ယင်းဥပဒေကို ပြဋ္ဌာန်းအပြီး ၁၀ လခန့်အကြာ ၂၀၁၇ ဇန်နဝါရီ ၂၉တွင် အတိုင်ပင်ခံဥပဒေရေးဆွဲရာတွင် အခရာကျသူဟု နာမည်ကျော်သည့် NLD ဥပဒေရေးရာ ထိပ်တန်းအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဦးကိုနီကို ရန်ကုန်လေဆိပ်ကဲ့သို့ လူမြင်ကွင်း၌ပင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်သူများတွင် သေဒဏ်ချခံရသည့် သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းထွန်းမှလွဲ၍ ကျန်သူသုံးဦးသည် တပ်မတော်အရာရှိဟောင်းများသာဖြစ်သည်။
ထိုစဉ်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုယ်တိုင်ကပင် ဦးကိုနီကို အစွန်းရောက်မျိုးချစ်စိတ်ကိန်းအောင်းနေသည့် တပ်မတော်အရာရှိဟောင်းအချို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။
ယင်းအပြင် ယနေ့တိုင်လွတ်မြောက်နေဆဲဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်၊ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခံထားရသည့် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်းဇေယျာဖြိုးတို့ ၂၀၁၆ တွင် ရန်ကုန်၊ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံရာမှ လုပ်ကြံမှုကို စတင်ရန် အကြောင်းဖန်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ထုတ်ဖော်ပြောကြားခဲ့သည်။
မော်ဒန်လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိအဖြစ် ၂၀၁၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်းလင်းဇော်ထွန်းပါဝင်ခဲ့ကြောင်း၊ ဦးကိုနီ၏ လုပ်ကိုင်ပြောဆိုချက်များကို လူငယ်သဘာဝ မကျေမနပ်ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးက ၂၀၁၇ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုထားသည်။
သို့သော် ဦးကိုနီလုပ်ကြံခံရချိန်၌ USDP ၏ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေသည့် ဦးလင်းဇော်ထွန်းကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီးနောက် အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည်။
ဖေဖော်ဝါရီ ၁ တွင် ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားကာ ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထားသည်။